Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီး တိုက်ပွဲတွင် စစ်တပ်က ၂ ဦး ပြင်းထန်ဒဏ်ရာရ၊ ဒေသခံများတိမ်းရှောင်နေရ
DVB
·
April 25, 2022

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မိတန်ကျေးရွာ(ချောင်းဖျားသုသာန်) မှာ ဧပြီ ၂၄ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီ ပူးပေါင်းတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျိုက်ဒုံကျေးရွာကနေ မိတန်ကျေးရွာဘက်ကို တက်လာတဲ့ စစ်ကောင်စီရဲ့တပ်၊ နယ်ခြားစောင့် BGF ပူးပေါင်းတပ်တွေနဲ့  နယ်မြေခံ KNLA တပ်ဖွဲ့ဝင်တို့ မိတန်(ချောင်းဖျား သုသာန်)အနီးမှာ နှစ်ဘက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

မိတန်ကျေးရွာသားတဦးက “တိုက်ပွဲဖြစ်တာ ဟုတ်တယ်။ ထိပ်တိုက်တွေ့ပြီး ခဏပဲ အပြန်အလှန် ပစ်ကြတာ။ ဒါပေမဲ့ စစ်တပ်က ၂ ယောက် ထိသွားတယ်ကြားတယ်။ အခုရွာဘက်မှာ စစ်တပ်ရဲ့ စစ်ကြောင်းတွေ လှုပ်ရှားသွားလာနေတယ်။ တိုက်ပွဲဖြစ်ရင် စစ်တပ်က အနီးအနားက ရွာတွေကို ပြဿာနာရှာတတ်တော့ စိုးရိမ်တယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာ နေရာအနီး စစ်ကောင်စီတပ်တွေဟာ အင်အားဖြည့်တင်းပြီး  လုံခြုံရေးရယူထားတဲ့အပြင် ရှေ့ဆက်ခရီးထွက်ခွာတာ မရှိတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားမှာကို စိုးရိမ်တဲ့အတွက် ဒေသခံကျေးရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၃ ရက် နေ့လယ် ၁ နာရီလောက်ကလည်း တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီး(ဝင်းရော်)မြို့နယ်၊ ခလယ်တံခွန်တိုင်ရဲစခန်းအနီး စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ ရဲပူးပေါင်းတပ်ဖွဲ့ဝင်တွေက ရဲစခန်းအတွင်းကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကျေးရွာအတွင်းကိုပါ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သလို ရဲစခန်းရှေ့ကနေ ဖြတ်သန်းသွားလာနေတဲ့ ကားနဲ့ ဆိုင်ကယ်တွေကိုပါ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ယာဉ်တွေထိမှန် ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024