DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် အေအေနှင့်ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးခံခဲ့ရသူများ၏ မိသားစုများ အခက်အခဲမျိုးစုံ ကြုံနေရ
DVB
·
April 24, 2022
ရခိုင်တွင် အေအေနှင့်ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးခံခဲ့ရသူများ၏ မိသားစုများ အခက်အခဲမျိုးစုံ ကြုံနေရ
Donate to DVB

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ရခိုင်ပြည်နယ် တိုက်ပွဲကာလအတွင်း အေအေနဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ အကြမ်းဖက်ပုဒ်မတပ်ကာ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေဟာ ခက်ခက်ခဲခဲနဲ့ ဘဝကို ရင်ဆိုင်နေရပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေပေမယ့် တိုက်ပွဲကာလတုန်းက အေအေနဲ့ပတ်သက်တယ်လို့ သံသယရှိခံခဲ့ရလို့ နှိပ်စက်ခံရပြီး သေဆုံးခဲ့ရသူနဲ့ ဖမ်းဆီးခံထားရဆဲသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေဟာ အခုချိန်မှာ အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေရဆဲပါ။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်ဖြူ-ရန်ကုန်ကားလမ်းဘေးမှာ တည်ရှိတဲ့ အလယ်ချောင်းကျေးရွာမှာ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ကိုစိုးမင်းထွန်းဆိုသူ အပါအဝင် ၆ ယောက်ကို လယ်ထဲလယ်လုပ်နေချိန်မှာ စစ်တပ်က ဗုံးထောင်တယ်ဟုဆိုကာ သံသယနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကိုစိုးမင်းထွန်းကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ရတာပါ။ 

ကိုစိုးမင်းထွန်း အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ဘယ်နေရာကို ခေါ်ယူသွားတယ်ဆိုတာကို မသိရတဲ့အတွက် ၃ ရက်အကြာမှာ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေ အကုန်လုံး လိုက်လံစုံစမ်းခဲ့ကြပါတယ်။ မအီကို ရောက်တဲ့အချိန်မှာ ကိုစိုးမင်းထွန်းဟာ သေဆုံးနေပြီ ဖြစ်တယ်လို့ မလုံးကြည်က ပြောပါတယ်။

ကိုစိုးမင်းထွန်း သေဆုံးသွားတာဟာ ကိုယ့်ကိုယ်ကိုယ်ကြိုးဆွဲချ သေဆုံးသွားခဲ့တယ်လို့ စစ်တပ်က ပြောဆိုပေမဲ့လည်း ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကိုစိုးမင်းထွန်း ရှိခဲ့တဲ့ အချိန်တုန်းက စားဝတ်နေရေး အဆင်ပြေခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ကလေးနဲ့အတူ အမျိုးသမီးတဦး ရုန်းကန်လှုပ်ရှားနေရတာကြောင့် အခက်အခဲတွေအများကြီး ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကလေးရဲ့အနာဂတ်နဲ့ သူ့မိသားစုရဲ့ ရှေ့ရေးကို တွေးပူနေမိတယ်လို့ မုဆိုးမမိခင် မလုံးကြည်က ‌သူ့ရဲ့ အခက်အခဲကို ‌ပြောပြပါတယ်။

“သူရှိတုန်းကဆိုရင် ဒီရေတော (ဒေသအခေါ်) ပြာတောကို ၉/၁၀ ရက်လောက်သွားလိုက်ပြီဆိုရင် ၁ သိန်းခွဲလည်းရတယ်၊ ၂ သိန်းလည်းရတယ်။ ကျမတို့အလုပ်လုပ်ရင် ၁ ရက်မှ ၄ ထောင်ရတယ်၊ အဲဒါတောင်အလုပ်ကမရှိဘူး၊ အခက်အခဲကအများကြီးပါ။ ကျမသားလေးအတွက်လည်း အရမ်းကိုစိုးရိမ်မိတယ်။ ပညာသင်ဖို့အတွက်ရော၊ သားမိ ၂ ယောက်ရဲ့ စားဝတ်နေရေးအတွက်ပါ” လို့ ပြောပါတယ်။

ကိုစိုးမင်းထွန်းဟာ စစ်ကြောရေးမှာ သေဆုံးခဲ့ရပြီး ကျန်တဲ့ ဖမ်းဆီးခံရသူ ၅ ယောက်ကတော့ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေပေမယ့် သူတို့ကို အေအေနဲ့ ဆက်စပ်တယ်လို့ဆိုကာ အကြမ်းဖက်ပုဒ်မနဲ့ အခုချိန်ထိ တရားစွဲဆိုထားဆဲပါ။ 

ကျန်ရစ်သူ မိသားစုတွေဟာ အိမ်ထောင်ဦးစီး မရှိကြတော့တာကြောင့် ကြုံရာအလုပ်တွေ လုပ်ကိုင်ကာ ဒုက္ခမျိုးစုံ ရင်ဆိုင်နေကြရတဲ့အတွက် အမြန်ဆုံးလွှတ်ပေးဖို့ အလယ်ချောင်းကျေးရွာက ဖမ်းဆီးခံနေရသူ ၁ ဦးရဲ့ အမျိုးသမီး မပုမချေက တောင်းဆိုလိုက်ပါတယ်။

“အခက်အခဲရှိပါတယ်၊ ကြုံရာအလုပ်ကိုလုပ်ရတယ်၊ လူလည်းပင်ပန်း စိတ်လည်းပင်ပန်းတယ်၊ ခံနိုင်ရည်မရှိတော့ဘူး။ သားသမီး ၂ ယောက်နဲ့ ဒုက္ခ၊ သုက္ခ အရမ်းခံနေရတယ်၊ သူမရှိတော့ အရမ်းကို ခက်ခဲနေတယ်။ သူ့ဆီကိုသွားဖို့လိုတာကတမျိုး၊ အိမ်မှာစားဖို့၊ သောက်ဖို့လိုတာက တမျိုး၊ သားသမီးကလည်း ကျောင်းသားတွေဆိုတော့၊ သူတို့အတွက်လည်း ပူပန်ရတယ်၊ အကြီးအကျယ် ဒုက္ခရောက်နေရတယ်။ အဲဒါကြောင့် ဖမ်းဆီးခံနေရတဲ့သူတွေ အကုန်လုံးကို ပြန်လွတ်စေချင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် (အေအေ) တို့ကြား ၂ နှစ်ကျော်ကြာ ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် အရပ်သားသေဆုံးတာတွေနဲ့ ဖမ်းဆီးခံရသူတွေရှိခဲ့ပါတယ်။ 

အဲဒီသေဆုံးသူတွေထဲမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေ ရှိသလို၊ သံသနဲ့ ဖမ်းဆီးခံရပြီးနောက် ညှဉ်းပန်းနှိပ်စက်ခံရကာ သေဆုံးသွားခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ကိုစိုးမင်းထွန်းလို စစ်ကြောရေးမှာ သေဆုံးသွားသူတွေဟာ ၅၀ နဲ့ ၁၀၀ ဝန်းကျင်ကြားမှာ ရှိနေတယ်လို့ တိုက်ပွဲကာလအတွင်းမှာ စာရင်းပြုစုခဲ့တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013