
ဘူရွန်ဒီနိုင်ငံရဲ့ စီးပွားရေးမြို့တော် ဘူဂျမ်ဘူရာက စစ်ဘက်ကျည်ဆန်ဂိုဒေါင်တခုမှာ မတ် ၃၁ ရက်က ပေါက်ကွဲမှုတွေကြောင့် လူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဧပြီ ၁ ရက်မှာ ပြောပါတယ်။
ပေါက်ကွဲမှုက နာရီပေါင်းများစွာ ကြာခဲ့တယ်လို့လည်း ဆိုပါတယ်။ ပေါက်ကွဲမှုတွေက လျှပ်စစ်ဝါယာရှော့ခ်ဖြစ်လို့ ပေါ်ပေါက်ခဲ့တာလို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ တယောက်က ပြောခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် ဘူဂျမ်ဘူရာရဲ့ မူဆာဂါရပ်ကွက်မှာ အမျိုးသမီးငယ်တယောက် အပါအဝင် လူ ၂ ယောက် သေဆုံးခဲ့ပါတယ်။
ဂါဆီကီဘူယေးက နောက်ထပ် ဒေသခံတယောက်က သူ့ဝန်ထမ်းရဲ့ ရုပ်အလောင်းကို ရင်ခွဲရုံဆီ သယ်သွားခဲ့ပြီး အဲဒီနေရာမှာ တခြားတယောက်ရဲ့ ရုပ်အလောင်းကိုလည်း သယ်လာတာ တွေ့ခဲ့တယ်လို့ ပြောပါတယ်။
ကျည်ဆန်ဂိုဒေါင်ကနေ တကီလိုမီတာလောက် အကွာမှာနေပြီး အမည်မဖော်တဲ့ ဘူဂျမ်ဘူရာမြို့ခံတယောက်က ပေါက်ကွဲမှုတွေက နာရီပေါင်းများစွာ ဆက်ပြီး ပေါက်ကွဲနေခဲ့တာလို့ ပြောပါတယ်။ အာဏာပိုင်တွေက တရားဝင်သေဆုံးမှု အရေအတွက်ကို မထုတ်ပြန်သေးပါဘူး။
သမ္မတ အီဗာရစ္စတီ အန်ဒါရှီမီယေက ဖြစ်ရပ်ကြောင့် ထိခိုက်ခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို သူ့ရဲ့ X အကောင့်မှာ တင်ခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကို မပေးခဲ့ပါဘူး။
Source: Reuters










