
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ အီရန်နိုင်ငံနဲ့ ဆက်နွှယ်နေတဲ့ ဒစ်ဂျစ်တယ်ငွေအိတ် အများအပြားကို ပိတ်ဆို့အရေးယူနေပြီး အမေရိကန်ဒေါ်လာ ၃၄၄ သန်း တန်ဖိုးရှိတဲ့ ခရစ်ပတို ငွေကြေးတွေကို ပိတ်သိမ်းလိုက်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ်ဘက်ဆန့်က ဧပြီ ၂၄ ရက်က ထုတ်ပြန်ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ထရမ့်ပ် အစိုးရက အီရန်အစိုးရရဲ့ ငွေကြေးရင်းမြစ်တွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းနေတဲ့ လုပ်ငန်းစဉ်တွေထဲက တစိတ်တပိုင်းဖြစ်ပြီး၊ တီဟီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ သံတမန်ဆွေးနွေးပွဲတွေကို ပြန်လည်စတင်ဖို့ ကြိုးစားနေချိန်မှာပဲ စစ်ရေးအရ ပိတ်ဆို့မှုတွေအပြင် အခုလို ဘဏ္ဍာရေးအရပါ ဖိအားပေးလိုက်တာ ဖြစ်ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးရဲ့ X လူမှုကွန်ရက် စာမျက်နှာမှာတော့ “စီးပွားရေးအရ ပြင်းပြင်း ထန်ထန် တုံ့ပြန်မှုတွေအောက်မှာ တီဟီရန်ရဲ့ ငွေကြေးရှာဖွေမှု၊ လွှဲပြောင်းမှုနဲ့ ပြည်ပရောက်ငွေ တွေကို ပြန်လည်ရယူနိုင်မှု စွမ်းရည်တွေကို စနစ်တကျ ချေမှုန်းသွားမှာ ဖြစ်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာနဟာ အီရန်နဲ့ ဆက်နွှယ်နေတဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် အမြောက်အမြားကို ပိတ်ဆို့အရေးယူ လိုက်တဲ့အတွက် ဒေါ်လာ ၃၄၄ သန်း တန်ဖိုးရှိ ခရစ်ပတိုငွေကြေးတွေကို ပိတ်သိမ်းနိုင်ခဲ့ပါတယ်။
တီဟီရန်အစိုးရက နိုင်ငံပြင်ပကို အရေးတကြီး ရွှေ့ပြောင်းခိုးထုတ်ဖို့ ကြိုးပမ်းနေတဲ့ ငွေကြေး စီးဆင်းမှု လမ်းကြောင်းတွေကို နောက်ယောင်ခံလိုက်ပြီး အုပ်ချုပ်သူအဖွဲ့အစည်းနဲ့ ဆက်နွှယ်နေတဲ့ ဘဏ္ဍာရေး ထောက်တိုင်မှန်သမျှကို ဆက်လက်ပစ်မှတ်ထားသွားမှာ ဖြစ်ပါတယ်” လို့ ရေးသား ထားပါတယ်။
Source:Reuters











