DVB Logo
Home
မှုခင်း/မူးယစ်ဆေး
မေဒေးနေ့တွင် လုပ်အားခမပေးသူကို ရွှေ့ပြောင်းလုပ်သား ၄ ဦးက ပူးပေါင်းသတ်ဖြတ် 
DVB
·
May 4, 2026
Photo: Thaich8
Photo: Thaich8
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့လိမ်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့က လုပ်အားခရှင်းမပေးတဲ့ မြန်မာတိုင်းရင်းသား အလုပ်သမားခေါင်းဆောင် တယောက်ကို လုပ်ဖော်ကိုင်ဖက် ရွှေ့ပြောင်းလုပ်သား ၄ ယောက်က ပူးပေါင်းသတ်ဖြတ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မေ ၁ ရက် မနက် ၂ နာရီလောက်က မဲ့လိမ်းမြို့နယ် ဆောက်လုပ်ရေးအလုပ်သမားစခန်း (Camp) တခုမှာ လူသတ်မှု ဖြစ်ပွားကြောင်း သတင်းပို့ချက်ရတာကြောင့် အရေးပေါ်လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ မဲ့လိမ်းမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ကျစခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ အသက် ၄၉ နှစ်ရွယ် နိုင်းဆုမ်ချိုင်း လုံးဝိ ဆိုသူဟာ သူ့ရဲ့အိပ်ခန်းထဲမှာပဲ လည်ပင်းမှာ  ဓားဒဏ်ရာနဲ့ သေဆုံးနေတယ်လို့  ဆိုပါတယ်။ 

 ဒီမတိုင်ခင် အဲဒီအခန်းထဲကို စခန်းတခုတည်း နေထိုင်သူ အလုပ်သမား ၄ ယောက် ဝင်သွားတယ်။ မျက်မြင်အလုပ်သမားတယောက်က “ဘာလုပ်တာလဲ” လို့ အော်မေးရာမှာ သူတို့ ၄ ယောက် စခန်းအပြင်ဘက်ကို ပြေးထွက်သွားတယ်လို့  ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ ထွက်သွားတဲ့နေရာကို စီစီကင်မရာကနေ ပြန်လည်စစ်ဆေးပြီး ထွက်ပြေးနိုင်မဲ့ လမ်းကြောင်းကနေ စောင့်ကြပ်စစ်ဆေးဖို့  စစ်ဆေးရေးဂိတ်အသီးသီးကို အကြောင်းကြားထားပါတယ်။

မေ ၂ ရက် မွန်းလွဲပိုင်းမှာတော့ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးဖို့ပြင်နေတဲ့ အလုပ်သမား ၄ ယောက်ကို ချင်းရိုင်းမြို့ ဝပ်လောင့်ခွန် ငွေဖြူဘုရားကျောင်းတိုက်အနီးမှာ ချင်းရိုင်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မဲ့လိမ်းနယ်မြေရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ  ၄ ယောက်မှာ နိုင်းဆု (၂၄ နှစ်)၊ နိုင်းယောင်း (၂၂ နှစ်)၊ နိုင်းဒမ် (၂၁ နှစ်)၊  နိုင်းဘော့စ် (၂၃ နှစ်) ဆိုတဲ့ မြန်မာတိုင်းရင်းသားအလုပ်သမားတွေ ဖြစ်တယ်။ အသတ်ခံရတဲ့ နိုင်းဆုမ်ချိုင်းမှာလည်း မြန်မာအလုပ်သမားကတ် ကိုင်ဆောင်သူ ဖြစ်ပါတယ်။ နိုင်းဆုမ်ချိုင်းက ပန်းရန်အလုပ်မှာ သူတို့ ၄ ယောက်လုံးကို ထပ်ဆင့်ငှားရမ်းတယ်၊ ဒါပေမဲ့ လုပ်အားခ ပုံမှန်မရှင်းပေးဘူး၊ ရတဲ့ခါလည်းရှိ မရတဲ့အခါလည်းရှိ၊ ဒီတခေါက်မှာ လုပ်ခမရတာ ၂ ပတ်ရှိသွားပြီဖြစ်တာကြောင့် စိတ်ဆိုးပြီး ဝိုင်းဝန်းလုပ်ကြံခဲ့တယ်လို့  ဖွင့်ဟဝန်ခံထားပါတယ်။ 

အခင်းဖြစ်တဲ့ချိန်က နိုင်းဆုမ်ချိုင်းဟာ သူ့ရဲ့အခန်းထဲမှာ အိပ်မောကျနေတယ်၊ နိုင်းဒမ် နဲ့ နိုင်းဘော့စ်က အခန်းအပြင်မှာ စောင့်နေပြီး နိုင်းဆု နဲ့ နိုင်းယောဝ်းက အထဲဝင်ကာ အိပ်နေတဲ့ ဆုမ်ချိုင်းရဲ့ လည်ပင်းကို ဓားနဲ့လှီးတယ်၊ ထိုးလည်း ထိုးခဲ့တယ်၊ ပြီးတော့ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူက သူတို့ ၄ ယောက်လုံးကို တမင်ကြံရွယ်လူသတ်မှုနဲ့  အမှုဖွင့် အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

သေဆုံးသူ ဆုမ်ချိုင်းရဲ့မိခင် အသက် ၈၀ အရွယ် ပါမွန်း ဆိုသူကတော့ သားဖြစ်သူက ကန်ထရိုက်တာဆီက ပိုက်ဆံမရသေးလို့ သူတို့ကို မပေးနိုင်သေးတာ၊  ငွေက ရာဂဏန်းလောက်ဆို အမေ့ကို လာတောင်းပေါ့၊ အမေ ပေးနိုင်ပါတယ်၊  လူကို သတ်လောက်စရာလား၊ ဆုမ်ချိုင်းမှာ မိန်းမနဲ့ကွဲပြီး ၁၀ နှစ်ရွယ်သားနဲ့ အမေကို လုပ်ကျွေးနေတာ၊ အခု သူ့သားကို ဘယ်သူ လုပ်ကျွေးမလဲ၊ အမေလည်း အိုလှပြီ၊ အခု ဒီကဲန့်မ်ထဲမှာလည်း နေလို့မရတော့ဘူးလို့ သတင်းထောက်တွေကို ပြောသွားပါတယ်။ 

Source: CH8 Thai News / Mae rim News / Amarin TV 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013