
အမေရိကန်မှာ နိုဝင်ဘာ ၃ ရက် ကျင်းပမဲ့ သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့အတွက် ဒီမိုကရက်တစ်ပါတီက မျှော်လင့်ချက်ကြီးကြီးထားနေသလို စစ်တမ်း အများစုမှာလည်း သူတို့အသာရမယ်လို့ ဖော်ပြနေကြပါတယ်။
ဒါပေမဲ့ မကြာသေးခင် အမေရိကန်နိုင်ငံရေးသမိုင်းမှာ လူထုစစ်တမ်းတွေနဲ့ တကယ့်မဲရလဒ်မှာ ပြောင်းပြန်ဖြစ်ခဲ့တာတွေ မကြာခဏ မြင်တွေ့ခဲ့ရပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်အပေါ် လူထုထောက်ခံမှု ကျနေတာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူတွေ မကျေမနပ်ဖြစ်နေတာကလည်း ဒီမိုကရက်တွေအတွက် အခွင့်အရေး ဖြစ်နေပါတယ်။
လူထုစစ်တမ်းတွေအရ ဒီမိုကရက်တွေဟာ အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့ ၂၁၈ နေရာထက် ပိုများတဲ့ မဲဆန္ဒနယ်တွေမှာ အသာရနေပါတယ်။
အထက်လွှတ်တော်အတွက်လည်း တက္ကဆက်၊ ကန်းဆက်နဲ့ မိန်းပြည်နယ်တွေမှာ ဒီမိုကရက်အမတ်လောင်းတွေ အသာရနေပြီး တောင်ကယ်ရိုလိုင်းနားမှာတော့ ပြိုင်ဘက် ၂ ယောက် အကြိတ်အနယ်ဖြစ်နေတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။
ဒါပေမဲ့ ၂၀၁၆ နဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲတွေမှာ ထရမ့်ပ်ဟာ လူထုစစ်တမ်းတွေက ခန့်မှန်းထားတာထက် မဲပိုရခဲ့ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဂျိုးဘိုင်ဒန်က စစ်တမ်းတွေမှာ မဲအသာစီး အများကြီးရခဲ့ပေမဲ့ တကယ့် ရွေးကောက်ပွဲမှာတော့ ကွာဟချက်ကျဉ်းကျဉ်းနဲ့ အနိုင်ရခဲ့တာပါ။
လူထုစစ်တမ်းကောက်ယူတဲ့ Ipsos အဖွဲ့ရဲ့ တာဝန်ရှိသူ ကလစ်ဖို့ဒ် ယန်းက အမေရိကန်နိုင်ငံသားတွေ ဖုန်းခေါ်ဆိုမှုကို ရှောင်လာကြသလို စစ်တမ်းတွေမှာ ပါဝင်ဖြေဆိုလိုသူလည်း နည်းလာတာကြောင့် မဲရလဒ်ကို ခန့်မှန်းဖို့ ပိုခက်လာတယ်လို့ ပြောပါတယ်။
အထူးသဖြင့် ရီပတ်ဘလစ်ကန်ပါတီကို ထောက်ခံသူတွေ စစ်တမ်းတွေမှာ ပါဝင်ဖြေဆိုမှု နည်းနေမယ်ဆိုရင် ဒီမိုကရက်တွေ အသာရနေသလို မှားယွင်းဖော်ပြမိနိုင်ပါတယ်။
ဒါပေမဲ့ ၂၀၂၂ သက်တမ်းဝက်ရွေးကောက်ပွဲမှာတော့ စစ်တမ်းတွေက ခန့်မှန်းထားတဲ့အတိုင်း ဒီမိုကရက်တွေဟာ အောက်လွှတ်တော်ကို ဆုံးရှုံးခဲ့ပေမဲ့ အထက်လွှတ်တော်ကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အခုရွေးကောက်ပွဲမှာလည်း မဲဆန္ဒရှင်တွေရဲ့ နောက်ဆုံးအချိန် ဆုံးဖြတ်ချက်တွေကြောင့် ရလဒ်ပြောင်းလဲနိုင်ပြီး “လူသားတွေဟာ ခန့်မှန်းဖို့ မလွယ်ပါဘူး” လို့ Ipsos တာဝန်ရှိသူ ယန်းက ပြောပါတယ်။
Source: Reuters











