
၆၄ နှစ်ပြည့် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ ချီတက်ပွဲကို ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီက ဦးဆောင်ပြီး ဝက်လက်မြို့နယ် တနေရာမှာ ကျောင်းသား ပြည်သူ အင်အား ၂၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ကြပါတယ်။
ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ - သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဟန်မင်းစိုးက “ဆဲဗင်းဂျူလိုင် ချီတက်ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်တွေဆီက မရသေးတဲ့အကြွေးတွေ ရှိနေသေးလို့ရယ်၊ လတ်တလော တော်လှန်ရေးကာလ ပြည်သူတွေရော၊ ကျောင်းသားတွေရော တော်လှန်ရေးစိတ်ဓာတ် တက်ကြွလာအောင် ပြုလုပ်ရတာဖြစ်တယ်”လို့ ပြောပါတယ်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့က မတရားတဲ့ မမျှတတဲ့ ရန်ကုန်တက္ကသိုလ် စည်းမျဉ်းစည်းကမ်းနဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းသူကျောင်းသား ၅,၀၀၀ လောက်ဟာ ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါဆန္ဒပြပွဲကို အာဏာရှင်ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ အစိုးရအဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့ရာ ကျောင်းသား ၁၀၀ ကျော် သေဆုံးပြီး ထောင်ချီ ဖမ်းဆီခံခဲ့ရတဲ့ ဖြစ်ရပ်ဟာ အခုဆိုရင် ၆၄ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။










