DVB Logo
Home
မြန်မာသတင်း
ကော့လန်းကျွန်း ကမ်းပါးပေါ်မှ မြန်မာအမျိုးသား ၁ ဦး  ပြုတ်ကျသေဆုံး
DVB
·
April 15, 2026
 Photo: Amporn Sangkaew/ Banglok Post
Photo: Amporn Sangkaew/ Banglok Post
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တယားကမ်းလွန်ရှိ ကမ္ဘာလှည့်ခရီးသွားတွေ အသွားများတဲ့ ကော့လန်းကျွန်းမှာ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတယောက်  ကမ်းပါးပေါ်ကနေ  ပြုတ်ကျ သေဆုံးသွားတယ်လို့  ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။

ကျွန်းတောင်ဘက်ခြမ်းရှိ ဖားယက်အမည်ရှိ ကမ်းပါးအနီး လေထီးခုန်တဲ့နေရာမှာ ရုပ်အလောင်းတခု တွေ့ရှိကြောင်း ဧပြီ ၁၃ ရက် ညနေ ၄ နာရီမှာ သတင်းရရှိတယ်လို့ ပတ္တယားမြို့မရဲစခန်း  စုံစမ်းစစ်ဆေးရေးမှူး ဒုရဲအုပ် ကေရင်ကရိုင်က ပြောပါတယ်။

သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ၊ မှုခင်းဆေးဘက်ဆိုင်ရာ အရာရှိတွေ၊ ဆရာဝန်တယောက်နဲ့ လူမှုကူညီရေးအဖွဲ့မှ ကယ်ဆယ်ရေးသမားတွေ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြ တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၀၀ ကျော်မြင့်တဲ့ တောင်ထိပ်သို့ ခြေလျင်တက်ခဲ့ကြပြီး လေထီးစီးသူတွေ စတင်ပျံသန်းရာ (take-off point) နေရာဖြစ်တဲ့ ကမ်းပါးအစွန်းအနီးတဝိုက်ကို ရှာဖွေရာမှာ ကမ်းပါးအောက်ခြေ မီတာ ၂၀ ခန့်အကွာမှာ သေဆုံးနေတဲ့  ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အနက်ရောင် တီရှပ်၊ ဂျင်းဘောင်းဘီအနက်နဲ့ အဖြူရောင် ကွင်းထိုးဖိနပ်တို့ကို ဝတ်ဆင်ထားတဲ့ မြန်မာအမျိုးသားကို မှောက်လျက်အနေအထားနဲ့ တွေ့ရှိခဲ့ရပြီး  သေဆုံးခဲ့တာ  အနည်းဆုံး ၇၂ နာရီ (၃ ရက်ခန့်) လောက်ရှိပြီလို့  အာဏာပိုင်တွေက  ခန့်မှန်းထားပါတယ်။

မြေမျက်နှာသွင်ပြင် မတ်စောက်လွန်းလို့ ကယ်ဆယ်ရေးသမားတွေက ကြိုးတွေအသုံးပြုကာ ကမ်းပါးအောက်ကို ခက်ခက်ခဲခဲ ဆင်းခဲ့ကြရပြီး  တနာရီနီးပါး ကြာမြင့်အောင် ရုပ်အလောင်းကို ဆယ်ယူခဲ့ကြရပါတယ်။

ကနဦးစစ်ဆေးချက်အရ သေဆုံးရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးဘဲ ရုပ်အလောင်းမှာ ပုပ်ပွပျက်စီးနေပြီဖြစ်တာကြောင့် ဘန်ကောက်မြို့ရှိ ရဲဆေးရုံ မှုခင်းဆေးပညာဌာနကို ပို့ဆောင်ကာ ခွဲစိတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ကမ်းပါးထိပ်မှာ ရဲတပ်ဖွဲ့ဝင်တွေက သေဆုံးသူရဲ့ အနက်ရောင်အိတ်တလုံးကို တွေ့ရှိခဲ့ပြီး အိတ်အတွင်းမှာ အနွေးစောင်တထည်၊ လက်ကိုင်ဖုန်းတလုံး၊ စမတ်နာရီတလုံး၊ အိပ်ဆေးဘူးတွေ တွေ့ရှိခဲ့ပြီး နိုင်ငံကူးလက်မှတ်ပါတွေ့ရှိခဲ့လို့ သေဆုံးသူမှာ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဆွေမျိုးသားချင်းတွေဆီ အကြောင်းကြားဖို့ လုပ်ဆောင်နေဆဲဖြစ်ပြီး သေဆုံးသူရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

အဆိုပါဒေသရှိ လေထီးစီးသူတွေက အနံ့ဆိုးတခုရကြောင်း သတင်းပေးပို့ခဲ့လို့ ကမ်းပါးပေါ်ကနေ ငုံ့ကြည့်ရာမှ ရုပ်အလောင်းကိုတွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဆီ ချက်ချင်းအကြောင်းကြားခဲ့ကြတာလို့ ထိုင်းသတင်းစာမှာ‌ ဖော်ပြပါတယ်။

စုံစမ်းစစ်ဆေးသူတွေကတော့ အဆိုပါ မြန်မာအမျိုးသားဟာ ကမ်းပါးအစွန်းမှာ အနားယူနေစဉ် ခြေချော်ကာ ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ ကနဦးယူဆထားပါတယ်။ ဒါပေမဲ့ သေဆုံးရတဲ့ အကြောင်းရင်းအမှန်ကို မှုခင်းဆေးစစ်ချက် ရလဒ်တွေ ထွက်ပေါ်လာပြီးမှသာ အတည်ပြုနိုင်မယ်လို့  ရဲအရာရှိတွေက ပြောပါတယ်။

Source: Bangkok Post 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013