
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ ဂွမြို့နယ်တို့မှာ ကမ်းနီး ငါးရှာနေတဲ့ ဒေသခံတွေကို စစ်အာဏာရှင်တပ်က သေနတ်နဲ့ လှမ်းပစ်ခတ်ခဲ့တာကြောင့် ရေလုပ်သားတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၃ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ ပေါ်ကုန်းကျွန်းမှာ ငါးရှာနေတဲ့ ဒေသခံ ၃ ယောက်ကို နံသာကျွန်းအနီး ရပ်နားထားထားတဲ့ စစ်အာဏာရှင်ရေတပ် စစ်သင်္ဘောကနေ လှမ်းပစ်တာ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတယောက်က "သူတို့ အတူတူ ငါးရှာနေတာပါ။ အဲဒီ ရေတပ်ကပစ်တော့ တယောက် ကျည်ထိပြီး ပေါ်ကျွန်းမှာ သေကျန်ခဲ့တယ်။ ကျန် ၂ ယောက်က ဒဏ်ရာရတယ်။ အဲဒီ ဒဏ်ရာရတဲ့လူတွေ ထွက်ပြေးလာရတယ်" လို့ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် သေဆုံးသူမှာ စစ်တွေမြို့နယ်၊ အောင်တိုင်ရွာကနေ ရသေ့တောင်မြို့နယ်ကို စစ်ဘေးရှောင်လာသူ ကိုညွန့်ချေ ဖြစ်ပြီး သူ့ရဲ့အလောင်းကို ဒေသခံတွေ သွားရောက်ကောက်ယူစဉ် စစ်သင်္ဘော ၂ စင်းက ထပ်မံပစ်ခတ်ခဲ့လို့ အလောင်းမကောက်နိုင်ဘဲ ဒေသခံတွေ ထွက်ပြေးလာခဲ့ရပါတယ်။
မနေ့ညနေပိုင်းကလည်း စစ်သင်္ဘော ၃ စင်းထက်မနည်း ဂွမြို့နယ်၊ ကျိန္တလီမြို့ ကမ်းခြေနဲ့ မနီးမဝေးမှာ ဒေသခံတွေ ကမ်းနီး ငါးရှာထွက်စဉ် သေနတ်နဲ့ လှမ်းပစ်တာကြောင့် ထွက်ပြေးလာခဲ့ရတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
"ရေတပ်က အရင်ဆို ပင်လယ်ကမ်းနား မကပ်ဘူး၊ အခုက ကမ်းနဲ့ မနီးမဝေးက သွားလာလှုပ်ရှားနေတာ။ ရပ်နေတာလည်း မဟုတ်ဘူး၊ ငါးရှာသွားတဲ့ လှေတွေမြင်ရင် လိုက်ပစ်တယ်။”
စားဝတ်နေရေး ကျပ်တည်းနေတဲ့ ဒေသခံတွေဟာ လုပ်ကိုင်စားသောက်လာတဲ့ ကမ်းနီး ငါးရှာလုပ်ငန်းကို လုပ်ကိုင်နေစဉ် စစ်အာဏာရှင်ရေတပ်ရဲ့ ဖမ်းဆီးတာ၊ သေနတ်နဲ့ ပစ်ခတ်တာတွေကြောင့် ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်နဲ့ မောင်တောဘက် ဒေသခံတွေဟာ နှစ်ရှည်လများ ပင်လယ်ပြင်ထွက်ခွင့် ရပ်တန့်ခဲ့ရပြီး တပိုင်တနိုင် ကမ်းနီး ငါးရှာရာမှာ အသက်စွန့်ကာ စစ်သင်္ဘောတွေကို ရှောင်ကွင်း လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။










