DVB Logo
Home
မြန်မာသတင်း
တရုတ်ဘက်သို့ မြန်မာ့သရက်သီး ဦးစားပေးတင်ပို့ခွင့်ရရေး ညှိနှိုင်းအဆင်မပြေသေး
DVB
·
April 20, 2022
တရုတ်ဘက်သို့ မြန်မာ့သရက်သီး ဦးစားပေးတင်ပို့ခွင့်ရရေး ညှိနှိုင်းအဆင်မပြေသေး
1 / 2
Donate to DVB

တရုတ်နိုင်ငံကို မူဆယ်နယ်စပ်ကနေ တင်ပို့မယ့် ပို့ကုန်တွေထဲက သရက်သီးကို Green Channel ဦးစားပေးအနေနဲ့ အချိန်တိုအတွင်း တင်ပို့ခွင့်ရရှိဖို့ တရုတ်ဘက်နဲ့  ညှိနှိုင်းနေပေမဲ့ အဖြေမရရှိသေးဘူးလို့ မူဆယ်အခြေစိုက် ခွာညိုသစ်သီးပွဲရုံက ပြောပါတယ်။

အရင်ကတော့ ကြာရှည်အထားမခံ ပုပ်သိုးပျက်စီးလွယ်တဲ့ သစ်သီးဝလံ၊ ရေထွက်ကုန်နဲ့ လယ်ယာထွက် ပို့ကုန်တွေကို ပျက်စီးဆုံးရှုံးမှု နည်းပါးစေဖို့အတွက် ဦးစားပေးအစီအစဉ် Green Channel နဲ့ တင်ပို့ခွင့်ပြုခဲ့ပါတယ်။

ဒါကြောင့် အဲဒီအစီအစဉ်နဲ့ ဦးစားပေး တင်ပို့ခွင့်ရဖို့ တရုတ်ဘက်နဲ့ ညှိနှိုင်း ဆောင်ရွက်နေတာပါ။ သရက်သီးတင်ပို့မှုကို အချိန်ကြန့်ကြာမှု အနည်းဆုံး အစီအမံ၊ သင့်တင့်တဲ့ ကုန်ကျစရိတ်နဲ့ နှစ်ဖက် ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ မြန်မာကုန်သည်တွေက မျှော်လင့်နေကြပါတယ်။

ပြီးခဲ့တဲ့ ဖရဲ၊ သခွား တင်ပို့မှုမှာတော့ တရုတ်ဘက်ရဲ့ တင်းကျပ်တဲ့ ကိုဗစ်စည်းကမ်း သတ်မှတ်ချက်တွေကြောင့် တင်ပို့မှု လမ်းကြောင်းတလျှောက်မှာ အချိန်ကြန့်ကြာတာ ကုန်ကျစရိတ် ကြီးမြင့်တာ၊ ကုန်သွယ်ရေး မရေရာတာ စတဲ့ စိန်ခေါ်မှုတွေ ကြုံခဲ့ရပြီး တောင်သူရော ကုန်သည်ပါ ဆုံးရှုံးနစ်နာမှုတွေ ရှိခဲ့ပါတယ်။

လတ်တလော အနေအထားအရ မြန်မာနိုင်ငံဘက်က ကပ်ရောဂါ ကာလစည်းကမ်း တင်းကျပ်မှု ဖြေလျော့လာတာရှိပေမဲ့ တရုတ်ဘက်ကတော့ အထူးအရေးကြီးကိစ္စအဖြစ် ကိုင်တွယ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် သစ်သီးအရည်အသွေးအပေါ် အာမခံချက်နည်းတာကြောင့် သရက်သီးကိုလည်း ချင့်ချိန်တင်ပို့ကြဖို့ မူဆယ်အခြေစိုက် ကုန်သည်ကြီးတွေက သတိပေးထားပါတယ်။

တရုတ်နိုင်ငံဘက်ရဲ့ ကိုဗစ်အကြောင်းပြချက်နဲ့ နယ်စပ်အဝင်အထွက်ကို မကြာခဏ ကန့်သတ်ပိတ်ပင်မှုတွေက ဈေးကွက်တည်ငြိမ်မှုကို ထိခိုက်နိုင်ပြီး အခုနှစ် သရက်တင်ပို့မှု အပေါ်မှာလည်း သက်ရောက်မှု ရှိလာနိုင်တယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။

နှစ်စဉ် ဧပြီလလယ်ပိုင်းမှ သရက်တင်ပို့မှု စတင်လေ့ရှိပေမဲ့ ဒီနှစ်သရက်ရာသီမှာ စိန်တလုံးရင့်မှည့်မှု အနည်းငယ်နောက်ကျပြီး လက်ရှိအချိန်ထိ တင်ပို့မှု မရှိသေးကြောင်း သိရပြီး တရုတ်ဘက် အရောင်းကွင်းမှာလည်း ကိုဗစ်ကန့်သတ်ချက်တွေကြောင့် အခုနှစ် သရက်သီးဈေးတန်းအတွက် နေရာစီစဉ်နိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ သစ်သီးဝလံ ပို့ကုန်တွေထဲမှာ သရက်သီးက အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး တရုတ်နိုင်ငံကို နယ်စပ်လမ်းကြောင်းကနေ အဓိက အများဆုံး တင်ပို့နေတာပါ။ နှစ်စဉ် ပျဉ်းမျှတန်ချိန် ၄၀,၀၀၀ ကနေ ၅၀,၀၀၀ တင်ပို့မှုရှိပြီး ဟောင်ကောင်၊ ဒူဘိုင်းနဲ့ စင်ကာပူနိုင်ငံတို့ကိုလည်း အထိုက်အလျောက် တင်ပို့ရောင်းချနေတာပါ။

နိုင်ငံရေး မတည်ငြိမ်မှုနဲ့ စိုက်ပျိုးရေးသွင်းအားစုဈေး ကြီးမြင့်နေတာကြောင့် အခုနှစ် သရက်စိုက်ပျိုးထွက်ရှိမှု လျော့ကျနိုင်တယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက ခန့်မှန်းထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013