DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက နိုင်ငံတဝန်း တပ်များအားလုံးကို အရေးပေါ်ကာလအဖြစ် သတ်မှတ်တပ်လှန့်
DVB
·
April 20, 2022
စစ်ကောင်စီက နိုင်ငံတဝန်း တပ်များအားလုံးကို အရေးပေါ်ကာလအဖြစ် သတ်မှတ်တပ်လှန့်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က  ခုခံစစ်ကနေ ထိုးစစ်ကို ပြောင်းလဲတော့မယ်လို့ တရားဝင် ကြေညာလိုက်ပြီးနောက် အာဏာသိမ်းစစ်ကောင်စီက တနိုင်ငံလုံးမှာရှိနေတဲ့ တပ်ရင်းတပ်ဖွဲ့ အားလုံးကို အကန့်အသတ်မရှိ အရေးကြီးကာလအဖြစ် သတ်မှတ်လိုက်တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒါပေမဲ့  အရေးကြီးကာလအဖြစ်သတ်မှတ်လိုက်တဲ့  တပ်တွင်းညွှန်ကြားချက် တိကျသေချာတဲ့ စာရွက်စာတမ်း အထောက်အထားကိုတော့ ဒီဗွီဘီသတင်းဌာနက မရရှိသေးပါဘူး။

ပြည်သူ့ရင်ခွင်အဖွဲ့ဝင် CDM ဗိုလ်ကြီးလင်းထက်အောင်ကတော့ အာဏာသိမ်း စစ်ကောင်စီက စစ်တပ်အကုန်လုံးကို အရေးပေါ်ကာလ သတ်မှတ်လိုက်တဲ့သတင်းကို သူတို့တွေလည်း ရရှိထားပြီး ဒါဟာ အချိန်အခါမဟုတ် သတ်မှတ်လိုက်တဲ့အတွက် ထူးခြားဖြစ်စဉ်ဖြစ်တယ်လို့ ပြောပါတယ်။

စစ်ရေးအရဆိုရင် ဒါဟာ စစ်တပ်အနေနဲ့ ခံစစ်ကို အသားပေး တည်ဆောက်လိုက်တဲ့သဘော ဖြစ်ပြီး တချို့မြို့နယ်တွေက တပ်စခန်းတွေမှာ စစ်တပ်ရဲ့ လှုပ်ရှားနိုင်ရေးစွမ်းရည်ဟာ ရပ်တန့်နေပြီး ဖြစ်တာကြောင့် တပ်စခန်းတွေကို ဝင်အတိုက်မခံရရေးကို ပြင်ဆင်လိုက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အရေးကြီးကာလ သတ်မှတ်လိုက်ပြီဆိုရင် တပ်တွေအနေနဲ့ တပ်ရွှေ့ပြောင်းတာတွေ မလုပ်ဆောင်ဘဲ ရောက်တဲ့နေရာမှာ လုံခြုံရေးအတွက် ပြင်ဆင်ရတာဖြစ်ပြီး အရင်က ၄ လပတ် အစည်းအဝေး ပြုလုပ်တဲ့အချိန်တွေနဲ့ တပ်မတော်နေ့လို အချိန်မျိုးမှာသာ အရေးပေါ်ကာလကို သတ်မှတ်လေ့ရှိတာပါ။

မကြာခင်ကာလအတွင်းမှာ မိုးတွင်းကာလကို ရောက်လာတော့မှာ ဖြစ်တာကြောင့် တပ်တွေ အရှေ့ကိုတိုးရင်း နောက်တန်းခံစစ်တွေ မလုံချိန်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်တိုက်မှာကို စိုးရိမ်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ CDM ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂၅၉ တပ်ရင်း ဖွဲ့စည်းထားပြီး ဖြစ်သလို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတွေကိုလည်း မြို့နယ် ၂၅ဝ မှာ ဖွဲ့စည်းပြီး LDF လို့ခေါ်တဲ့ ဒေသပြောက်ကျားတပ်ဖွဲ့ ၄ဝ၁ ဖွဲ့ ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောဆိုပါတယ်။

အဲဒီအပြင် PDF တွေနဲ့ EAOs တွေက မြန်မာနိုင်ငံရဲ့ နယ်မြေတဝက်ကို သိမ်းပိုက်ထားပြီး ဖြစ်သလို တော်လှန်ရေးအင်အားစုတွေဟာ ကျေးလက်ကို ထိန်းချုပ်နိုင်ရာကနေ မြို့ပြတချို့ကိုပါ ထိန်းချုပ်နိုင်တဲ့အဆင့် တိုးတက်ရောက်ရှိနေပြီလို့လည်း ပြောထားပေမဲ့ ဘယ်မြို့ ဘယ်နယ် ဆိုတာကိုတော့ တိတိကျကျထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ 

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေ နိုင်ငံအနှံ့အပြား တိုက်ပွဲတွေမှာ နေ့စဉ်လိုလို ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး ၁ နှစ်အတွင်း သေဆုံးသူ သောင်းနဲ့ချီရှိသွားပြီဖြစ်ပြီး တပ်ကနေ ထွက်ပြီး ပြည်သူနဲ့ ပူးပေါင်းခဲ့ကြတဲ့  အရာရှိတွေအပါအဝင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း သောင်းနဲ့ချီရှိလာနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013