
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နဲ့ ရေဦးမြို့တို့မှ ထွက်လာတဲ့ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းဟာ ဧပြီ ၁၉ ရက် ညက ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာမှာ တပ်စွဲကာ ပြည်သူပိုင်နေအိမ် ၁၅ လုံးလောက်ကို မီးရှို့ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင် ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။
ဒါ့ပြင် မဲအိုးကျေးရွာအရှေ့ဘက် မူးခတွင်းရွာမှာလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၇၀ အရွယ် အဘိုးအဘွား ၂ ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၂၀ ရက် မနက်မှာ ဒီပဲယင်းအရှေ့ခြမ်း ညောင်လှကျေးရွာကို ဝင်ရောက် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒီပဲယင်း ဒေသခံတဦးက "စစ်(--) တွေက မဲအိုးရွာကအိမ်တွေကို မီးရှို့ဖျက်ဆီးပြီးတော့ မူးခတွင်းရွာက အဘိုးအဘွားတွေကို သေနတ်နဲ့ ပစ်သတ်သွားတယ်။ အဲလိုသတင်းတွေ မကြားရက်ပါဘူး၊ ရင်နာရပါတယ်" လို့ ပြောပါတယ်။
ညောင်လှကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဧပြီ ၂၀ ရက် မနက် ၁၁ နာရီလောက်က ညောင်လှကျေးရွာရှိ ပြည်သူ့နေအိမ်တွေကို အကြိမ်ကြိမ် မီးရှို့နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်တပ်တွေနဲ့ ဘေးလွတ်ရာ ဆက်လက်ရှောင်တိမ်းကြဖို့ ဒီပဲယင်း စစ်ဘေးရှောင် ထောက်ပံ့ရေးအဖွဲ့က နှိုးဆော်ထားပါတယ်။
စစ်ကောင်စီတပ်အင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ဧပြီ ၁၉ ရက် မနက်ပိုင်းက စတင်ပြီး ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာတွေကို ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။