DVB Logo
Home
မြန်မာသတင်း
မြိုင်နှင့် ဂန့်ဂေါတွင် နေ့စဉ်ရက်ဆက် တိုက်ပွဲများပြင်းထန်၊ နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိ
DVB
·
April 20, 2022
မြိုင်နှင့် ဂန့်ဂေါတွင် နေ့စဉ်ရက်ဆက် တိုက်ပွဲများပြင်းထန်၊ နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိ
1 / 3
Donate to DVB

မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ နေ့စဉ်လိုလို တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှု ရှိနေတယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် တဲကြီးရွာနားမှာ ဧပြီ ၁၉ ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁ ယောက်သေဆုံးပြီး မြိုင် PDF တပ်ခွဲ (၁) က ရဲဘော် ၅ ယောက်၊ LPDF က ရဲဘော် ၂ ယောက်၊ အပြစ်မဲ့ပြည်သူ ၃ ယောက်ကျဆုံးကာ ပြည်သူ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။

စစ်ကောင်းစီတပ်တွေဟာ ပျူစောထီးရွာဖြစ်တဲ့ ဝက်ပုတ်ရွာဘက်ကနေ့ ကျောက်ခွက်ရေနံမြေစခန်းဘက်ကို အင်အား ၅၀ လောက်ရှိ စစ်ကြောင်းတကြောင်း၊ ဖလံကိုင်းရေနံမြေကနေ တဲကြီးဘက်ကို အင်အား ၅၀ လောက်ရှိ စစ်ကြောင်းတကြောင်းနဲ့ ထိုးစစ်ဆင်လာစဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက် အကျအဆုံး များပြားရတာဟာ စစ်ကြောင်း ၂ ကြောင်းကြားမှာ ညပ်သွားပြီး ကင်းပုန်းဝပ်နေတဲ့ ရဲဘော်တွေ ပြန်အဆုတ်မှာ PDF အယောင်ဆောင်ပြီး လှမ်းခေါ်ကာ ချောင်ပိတ်ပစ်ခတ်တာကြောင့် ရဲဘော် ၇ ယောက် တိုင်းပြည်အတွက် အသက်ပေးလိုက်ရတာလို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ တဲကြီးရွာဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အပြစ်မဲ့ ပြည်သူ ၃ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တဲကြီးရွာသားတယောက်က  “ကျနော်တို့ရွာနားမှာ မနေ့က ညနေပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ မိုင်းကွဲသံတွေ ဆက်တိုက်ကြားရတယ်ဗျ။ ကျနော်တို့လည်း ကြောက်လန့်ပြီး ဘေးလွတ်ရာနေရတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာဗျ။ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ ပြည်သူ ၃ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရတယ်လို့ သတင်ကြားတယ်။ ကျနော်တို့လည်း အခုအချိန်ထိ အိမ်မပြန်ရဲ ကြသေးဘူး” လို့ ပြောပါတယ်။

မြိုင်မြို့နယ် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်က ကျောက်ခွက်ရေနံမြေ MOGE မှာ စခန်းချထားတဲ့ စစ်ကောင်စီးတပ်သားနဲ့ ရဲအင်အား ၆၀ ကျော်လောက်ကို ဧပြီ ၁၆ ရက်နေ့ညကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။

အဲဒီစခန်းကို ည ၁၀ နာရီကျော်လောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်နိုင်ခဲ့ပြီး ဝန်ထမ်းအိမ်ရာ ၆ ခု၊ ဖောကား ၁ စီး၊ Wheel Loder ၁ စီး ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြတယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

ဂန့်ဂေါမြို့နဲ့ အနောက်ဂန့်ဂေါကြားမှာလည်း ဧပြီ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ယောဒေသကာကွယ်ရေး YDF တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်ကူလာတဲ့ကားကို ‌YDF တပ်ဖွဲ့က စည်ပင်ရပ်ကွက်အုပ်ချုပ်ရေးရုံးအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ YDF က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ဂန့်ဂေါမြို့နယ် ရဲမှူး၊ စစ်ဗိုလ်နဲ့ ရဲတပ်သား ၂ ဦး စုစုပေါင်း ၄ ဦးကျဆုံးခဲ့ပြီး ၆ ဦး ပြင်းထန်စွာဒဏ်ရာရရှိသွားကာ YDF ဘက်က ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

YDF ရဲဘော်တဦးက “တိုက်ပွဲဖြစ်တာက အနောက်ဂန့်ဂေါနားမှာ။ အဲ့ကောင်တွေက စစ်ကူလာလို့ စည်ပင်ရပ်ကွက်မှာ ကြားဖြတ်တိုက်လိုက်ရတာ။ ရဲ ၃ ကောင်နဲ့ စစ် (-) ၁ ကောင် ၄ ကောင်ကတော့ ပွဲချင်းပြီး သေသွားတာ၊ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ဧပြီ ၁၉ ရက်မနက်ပိုင်းကလည်း ချောင်းနက်ရွာဘက်က ဖက်ဝန်းရွာဘက် ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ YDF တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ဂန့်ဂေါနယ်နဲ့ထီးလင်းနယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ‌YDF တပ်တို့ စစ်ရေးတင်းမာနေကာ အချိန်မရွေး နေရာမရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ဒေသခံပြည်သူတွေ ဂန့်ဂေါ-ထီးလင်းလမ်းပိုင်းနဲ့ ထီးလင်း-ကျဉ်း-ပေါက်ကားလမ်းပိုင်းတို့ကို ခရီးသွားလာခြင်းမပြုကြဖို့ YDF က မေတ္တာရပ်ခံထားပါတယ်။

မကွေးတိုင်း မြိုင်နဲ့ဂန့်ဂေါမြို့နယ်တို့မှာ နှစ်ဘက်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013