DVB Logo
Home
မြန်မာသတင်း
အနောက်ရိုးမတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံး၊ အရာရှိ ၁ ဦးသတ်သေ
DVB
·
April 19, 2022
အနောက်ရိုးမတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံး၊ အရာရှိ ၁ ဦးသတ်သေ
Donate to DVB

မကွေးတိုင်းအတွင်း အနောက်ရိုးမဒေသမှာ ဧပြီ ၈ ရက်ကနေ ၁၄ ရက်အထိ သီတင်းတပတ်အတွင်း  တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိတယောက် အပါအဝင် အယောက် ၂၀ ကျော်သေဆုံးခဲ့တယ်လို့ မကွေးလူထုတော်လှန်ရေးမဟာမိတ်အဖွဲ့ (PRA-Magway) က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ပွဲတွေဟာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်နဲ့ စေတုတ္တရာမြို့နယ် အနောက်ရိုးမတောင်ကြောမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေကို မကွေးလူထုတော်လှန်ရေးမဟာမိတ်အဖွဲ့နဲ့ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (Asho Chin Defence Force-ACDF) တို့ ပူးပေါင်းခုခံခဲ့ကြတာဖြစ်ကာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော်နဲ့ လက်နက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်းမှာတော့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူတွေသုံးကာ စခန်းသိမ်းကျားထိုးတက်လာခဲ့ကြပေမဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေကျွမ်းကျင်မှု အသာစီးရယူကာ ပြောက်ကျားတိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေ အကျအဆုံးများစွာနဲ့ နောက်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အတွင်းသတင်းတွေအရ  စစ်တပ်အရာရှိတယောက်နဲ့ တခြားအဆင့် တယောက်တို့ဟာလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြပြီး အရာရှိ ၂ ယောက်လည်း လက်နက်နဲ့ တကွ ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

တိုက်ပွဲကာလအတွင်း မကွေးလူထုတော်လှန်ရေးမဟာမိတ်နဲ့ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ဘက်က ရဲဘော် ၃ ယောက် လက်နက်ကြီးထိမှန်ခဲ့ပေမဲ့  အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါ တယ်။

အကြမ်းဖက် စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းမှုကို မြန်မာပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန် ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ တနှစ်ကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်း နေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ ကြေညာထားခဲ့ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ လူထုတိုက်ပွဲတွေဟာလည်း အရှိန်အဟုန်နဲ့ အားကောင်းနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013