DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ် ကင်းမရွာနှင့် ချောင်းဆုံရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့
DVB
·
April 19, 2022
ပေါက်မြို့နယ် ကင်းမရွာနှင့် ချောင်းဆုံရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ကင်းမရွာနဲ့ ချောင်းဆုံရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ် ကင်းမကျေးရွာကို ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၀ လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကင်းမရွာသားတဦးက ဒီဗွီဘီပြောပါတယ်။

ကျောက်အိုးရွာဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းဟာ ကင်းမရွာက အိမ်ခြေ ၂၀ လောက်ကို မီးရှို့ဖျက်ဆီးပြီး ညနေပိုင်မှာ ဒိန်းကွင်းရွာကိုဖြတ်ကာ ချောင်ဆုံကျေးရွာကိုလည်း ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြပြီး စစ်ဘေးရှောင်တွေနေထိုင်တဲ့ တောထဲက တဲတွေနဲ့ ဆန်ရိက္ခာတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။

ကင်းမရွာကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးလို့ နေအိမ် ၄၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးထားတယ်လို့ ကင်းမရွာသား ပြောပါတယ်။

“ကင်းမရွာမှာက အိမ် ခြေ ၅၀၀ ကျော်လောက်ရှိတာဗျ။ ရွာမကြီးမှာ အိမ်ခြေ ၄၀၀ လောက်ကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးထားပြီး လက်ကျန်နေအိမ် ၃၀ လောက်ကျန်တာ၊ ရွာသစ်မှာ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်ကျန်တဲ့ထဲက အိမ်ခြေ ၂၀ လောက်ကို မီးရှို့ ဖျက်ဆီးသွားတာ။”

ကင်းမရွာက ဒေသခံပြည်သူတွေဟာ စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့အချိန်မှာ ဘေးလွတ်ရာတောထဲတွေကို ထွက်ပြေးတိမ်းရှောင် နေကြရပြီး မြေပြင်မှာ ဖြစ်သလို ဖျာခင်းပြီး နေနေကြရတယ်လို့ ဆိုပါတယ်။

“နေအိမ် ၃ ပင်အိမ်တစ်လုံး ဖြစ်မြောက်ဖို့ဆိုရင် အမျိုးသား ၄ ယောက်လောက် တောထဲမှာ သစ်ဝါး ရက်ပေါင်း ၂၀ လောက် ခုတ်ထစ်စုဆောင်းပြီးမှာ တည်ဆောက်ကြရတာ။ အိမ်ကြီးအိမ်ကောင်း တိုက်အိမ်တဆောင်ဖြစ်မြောက်ဖို့ဆိုရင် ၁၀ နှစ်ကျော်လောက် စုဆောင်းပြီးမှ တည်ဆောက်ကြရတာ။ ပြည်သူလူထုရဲ့ နေအိမ်တွေကို လူမဆန်စွာ မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ် အမြန်ဆုံး ကျဆုံးရမယ်” လို့  ကင်းမရွာသားက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချောင်းဆုံကျေးရွာကိုလည်း မနေ့ညက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ထပ်မံမီးရှို့နေသလို ဒီကနေ့မနက်ပိုင်းမှာလည်း မီးရှို့နေတယ်လို့ ဒေသခံ PDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“ချောင်းဆုံရွာမှာပဲ ရှိသေးတယ်၊ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်သံကြားရပြီး မီးတောက်တွေ မီးခိုးလုံးတွေ လှမ်းမြင်နေရတယ်။”

စစ်ကောင်စီတပ်တွေဟာ ပေါင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေ မရှိရင် PDF တွေ ရပ်တည်လို့ မရဘူးဆိုတဲ့ အတွေးနဲ့ တစ်ရွာဝင် တစ်ရွာထွက် မီးရှို့ ဖျက်ဆီးတာကြောင့် အိမ်ခြေ ၁၀၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့  နဂိုစစ်ရှောင်စခန်းဆောက်ထားတဲ့ နေရာတွေမှာ နေထိုင်နေကြပြီး လောက်ငမှုမရှိတာကြောင့် သစ်ပင်အောက်တွေမှာ ဖျာ၊ မိုးကာခင်းပြီး နေထိုင်ကြရတဲ့သူတွေလည်းရှိတယ်လို့ ဒေသခံ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပေါက်မြို့နယ်ထဲမှာ စစ်ဘေးရှောင်နဲ့ မီးဘေးသင့် ပြည်သူ ၁၈,၀၀၀ ကျော်လောက်ရှိတဲ့အနက် ၁၀,၀၀၀ ကျော်လောက်ကတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်လာလို့ နေရာထိုင်ခင်းစီစဥ်ပေးထားကာ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်အကူညီ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013