အမေရိကန် သမ္မတကတော် မယ်လန်နီယာ ထရမ့်ပ်ဟာ လိင်ရာဇဝတ်ကောင် ဆိုတဲ့ နာမည်ပျက်နဲ့ သေဆုံးသွားတဲ့ ငွေကြေးရှင် ဂျက်ဖရီ အက်ပ်စတိန်းနဲ့ သူ့အကြားမှာ ဘာပတ်သက်မှုမှ မရှိခဲ့ဘူးလို့ ဧပြီ ၉ ရက်က အိမ်ဖြူတော်မှာ မိန့်ခွန်းပြောကြားရင်း ရှင်းရှင်းလင်းလင်း ငြင်းဆိုလိုက်ပါတယ်။
ဒီလိုစွပ်စွဲချက်တွေဟာ သူ့ကို အသရေဖျက်နေတာလို့လည်း ဆိုပါတယ်။
“ဂုဏ်သရေမဲ့ ဂျက်ဖရီ အက်ပ်စတိန်းနဲ့ ကျမကို ပတ်သက်နေတယ်ဆိုတဲ့ အလိမ်အညာ မုသားစကားတွေကို ဒီနေ့မှာတင် အဆုံးသတ်ဖို့ လိုပါတယ်” လို့ မယ်လန်နီယာ ထရမ့်ပ်က ပြောဆိုခဲ့ပါတယ်။
မယ်လန်နီယာက သူဟာ အက်ပ်စတိန်းရဲ့ သားကောင်လည်း မဟုတ်ဘူး။ သူ့အနေနဲ့ အက်ပ်စတိန်း ဒါမှမဟုတ် သူ့ရဲ့လက်တွဲဖော် ဂီလိန်း မက်စ်ဝဲလ် တို့နဲ့ ဘယ်တုန်းကမှ ပတ်သက်မှု မရှိခဲ့ဘဲ မက်စ်ဝဲလ်နဲ့တော့ တခါတလေ စာအဆက်အသွယ် ရှိခဲ့ဖူးရုံသာ ဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။
ဂျက်ဖရီ အက်ပ်စတိန်းဟာ ၂၀၁၉ ခုနှစ်မှာ အရွယ်မရောက်သေးသူတွေကို လိင်ပိုင်းဆိုင်ရာ ကုန်ကူးမှု ဖက်ဒရယ်စွဲချက်တွေနဲ့ ထပ်မံဖမ်းဆီးခံခဲ့ရပြီး နယူးယောက်မြို့ မန်ဟက်တန် အကျဉ်းထောင်ထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။
မယ်လန်နီယာရဲ့ သမ္မတကတော် ပထမသက်တမ်း ၄ နှစ်တာအတွင်း သူမကို လူအများက “နားလည်ရခက်သူ” လို့ သတ်မှတ်ခဲ့ကြပါတယ်။
မယ်လန်နီယာဟာ လူရှေ့သူရှေ့ သိပ်မထွက်ဘဲ ကိုယ်ပိုင် သီးသန့်လွတ်လပ်ခွင့်ကို တန်ဖိုးထားတတ်သူ ဖြစ်သလို သားဖြစ်သူ ဘာရွန်ကို အကာအကွယ်ပေးသူအဖြစ် ရှုမြင်ကြပါတယ်။
သူမနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေလည်း ရှိခဲ့ဖူးပါတယ်။ အထူးသဖြင့် ၂၀၁၈ ခုနှစ်က ရွှေ့ပြောင်းကလေးငယ်များ ထိန်းသိမ်းရေးစခန်းကို သွားတုန်းက (I really don't care, do you?) လို့ စာလုံးတွေရေးထားတဲ့ ဂျာကင်ကို ဝတ်ဆင်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။
သမ္မတကတော်အဖြစ် တာဝန်ယူချိန်မှာ အွန်လိုင်းကနေ အနိုင်ကျင့် စော်ကားမှုတွေကို ဆန့်ကျင်တဲ့ “Be Best” လှုပ်ရှားမှုကနေတဆင့် ကလေးသူငယ်တွေရဲ့ ကောင်းကျိုးကိစ္စရပ်တွေအတွက် ဆောင်ရွက်ခဲ့ပါတယ်။
ဒါ့အပြင် အိုပီအွိုက်ဒ် (Opioid) ဆေးဝါးစွဲလမ်းမှုကြောင့် ထိခိုက်ခဲ့ရတဲ့ ကလေးငယ်တွေ အတွက်လည်း ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။











