DVB Logo
Home
နိုင်ငံတကာ
ဂျက်ဖရီအက်ပ်စတိန်းနှင့် နော်ဝေ သံတမန်များ ပတ်သက်ခဲ့မှုအပေါ် လူထုကြားနာပွဲ ပြုလုပ်
DVB
·
October 1, 2026
Photo: NORWEGIAN PARLIAMENT
Photo: NORWEGIAN PARLIAMENT
Donate to DVB

အမေရိကန် အကျင့်ပျက် လိပ်အရှုပ်တော်ပုံသမား ဂျက်ဖရီအက်ပ်စတိန်းနဲ့ နော်ဝေ သံတမန်တွေ၊ နိုင်ငံရေးသမားတွေအကြား ဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး နော်ဝေနိုင်ငံရဲ့ ထိပ်သီး လူတန်းစားတွေကို တုန်လှုပ်စေခဲ့တဲ့ အရှုပ်တော်ပုံအပေါ် ပါလီမန်က စက်တင်ဘာ ၃၀ ရက်မှာ လူထုကြားနာပွဲတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ တရားရေးဌာနက ဇန်နဝါရီလတုန်းက အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း သန်းပေါင်းများစွာကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ကမ္ဘာတဝန်းက နိုင်ငံရေးသမားတွေ၊ မင်းမျိုးမင်းနွယ်တွေနဲ့ အလွန်အမင်း ချမ်းသာကြွယ်ဝသူတွေနဲ့ အဆက်အသွယ် ရှိမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်နိုင်ငံဖြစ်တဲ့ နော်ဝေမှာတော့ ဒီကိစ္စကြောင့် ပါလီမန် စုံစမ်းစစ်ဆေးမှုတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအထိ ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ပါလီမန်ရဲ့ စိစစ်ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကော်မတီကတော့ လက်ရှိတာဝန်ထမ်းဆဲနဲ့ အရင် နိုင်ငံခြားရေးဝန်ကြီးတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးတွေ အပါအဝင် လူ ၁၁ ယောက်ကို ခေါ်ယူစစ်ဆေးနေပါတယ်။

ကြားနာပွဲမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် ယိုနာ့စ် ဂါ စတိုရေးက အစိုးရနဲ့ သူကိုယ်တိုင်အနေနဲ့ အက်ပ်စတိန်းရဲ့ စာရွက်စာတမ်းတွေထဲမှာ ပေါ်ပေါက်လာခဲ့တဲ့ အလွဲသုံးစားလုပ်မှု မှတ်တမ်းတွေကို  ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သတ္တိရှိရှိနဲ့ ထွက်ပေါ်လာပြီး သူတို့ရဲ့ ဖြစ်ရပ်တွေကို မျှဝေခဲ့ကြတဲ့ ဘက်ပေါင်းစုံက ထိခိုက်နစ်နာသူ အားလုံးအပေါ်လည်း စာနာမိကြောင်း အစချီ ပြောကြားခဲ့ပါတယ်။

သူ့အနေနဲ့ အက်ပ်စတိန်းနဲ့ ဘယ်တုန်းကမှ မတွေ့ဘူးခဲ့သလို နိုင်ငံခြားရေးဝန်ကြီးတာဝန် မထမ်းဆောင်မီ၊ ထမ်းဆောင်ချိန်အတွင်းနဲ့ ထမ်းဆောင်ပြီး နောက်ပိုင်းအချိန်တွေမှာပါ ဘယ်လိုပုံစံနဲ့မှ အဆက်အသွယ် လုံးဝမရှိခဲ့ဖူးဘူးလို့ အတိအလင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခုလို ပြဿနာတွေ ဖြစ်ရတာဟာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တဖွဲ့လုံးဆိုင်ရာ စနစ်ပိုင်းဆိုင်ရာ အမှားကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ် အနည်းငယ်ကြောင့်သာ ဖြစ်ပြီး တွေ့ရှိခဲ့ရတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပြီးနဲ့ ဖြေရှင်းဆဲဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဘယ်လောက်ပဲ ကောင်းမွန်တဲ့ စနစ်ဖြစ်စေ၊ လူသားတွေ ပါဝင်နေသမျှ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်းနဲ့ ရည်ရွယ်ချက်ရှိရှိ၊ မရှိရှိ အမှားအယွင်းတွေ ဖြစ်နိုင်တဲ့အပေါ် အပြည့်အဝ အာမခံချက် မပေးနိုင်ဘူးလို့လည်း သုံးသပ် ပြောဆိုပါတယ်။

တဖက်မှာလည်း အဲဒီဖိုင်တွေကြောင့် “ပေါ်ပေါက်လာတဲ့ ကိစ္စရပ်တွေနဲ့ ပြဿနာတွေ” ကို စုံစမ်းစစ်ဆေးဖို့ ပညာရှင်တွေနဲ့ ဥပဒေပညာရှင်တွေ ပါဝင်တဲ့ ပြင်ပကော်မရှင်တရပ်ကို ဖွဲ့စည်းထားပါတယ်။

နော်ဝေရဲ့ သံတမန်ရေးရာ သမိုင်းကြောင်း နှစ် ၃၀ ကျော်ကို လွှမ်းခြုံစုံစမ်းမဲ့ ရှားရှားပါးပါး  စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို ၂၀၂၈ ခုနှစ် နွေဦးပေါက် အစောပိုင်းလောက်မှာ ထုတ်ပြန်သွားဖို့ရှိပြီး ပါလီမန်ကော်မတီအနေနဲ့ အဲဒီအစီရင်ခံစာကို အပြီးသတ် ကိုင်တွယ်ဖြေရှင်းပြီးမှသာ အရှုပ်တော်ပုံ ပြီးဆုံးပြီလို့ သတ်မှတ်သွားမှာဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ပါ-ဝီလီ အမ်မွန်ဆင်က ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013