
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မြေပြိုကျပြီး ပျောက်ဆုံးနေသူရဲ့ အလောင်းကို ဇွန် ၂၂ ရက် ညနေပိုင်းမှာ ပြန်ရှာတွေ့ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၅၉ နှစ်အရွယ် ဦးယုလှိုင်ကို သူ့အိမ်နောက်ခြမ်း မြေပြိုထားရာအောက်က သေဆုံးလျက် ပြန်တွေ့တာလို့ ဆိုပါတယ်။
ဇွန် ၂၁ ရက် မနက်ပိုင်းက ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်က နေအိမ်တလုံးပေါ် တောင်မြေပြိုကျတာကြောင့် ဦးယုလှိုင် ပြေစာပုံပိ သေဆုံးသွားတာလို့ ဆိုပါတယ်။
ဖားကန့်ဒေသခံတယောက်က “ပထမက ပျောက်ဆုံးနေတဲ့ အမျိုးသားရဲ့ မှတ်ပုံတင်၊ ဖုန်းနဲ့ ဆိုင်ကယ်တွေကို တွေ့တယ်။ ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ လူကို ပြန်တွေ့တယ်။ အိမ်နောက်ဖေးသွားရင်း မြေပြိုတာကနေ ပိမိတာ” လို့ DVB ကို ပြောပါတယ်။
မြို့ပေါ်ရပ်ကွက်တွေထဲ ဥရုချောင်းရေ ဝင်ရောက်မှု အနည်းငယ် ကျဆင်းလာပေမဲ့ နေအိမ်တွေထဲနဲ့ လမ်းတွေပေါ်မှာ ရေရှိနေဆဲဖြစ်သလို မိုးလည်း ဆက်ရွာနေတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဇွန် ၂၀ ရက်ကစလို့ ဥရုချောင်းရေ မြင့်တက်လာတာကြောင့် မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံကာ နေအိမ်တွေထဲ ရေဝင်ရောက်လာတာကြောင့် ပြည်သူထောင်နဲ့ချီ ရေဘေးသင့်နေပါတယ်။
လက်ရှိမှာ ဥရုချောင်းရေ ဝင်ရောက်မှုကြောင့် ဖားကန့်မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ မှော်ဝမ်း၊ မြို့မ၊ ငှက်ပျောတော၊ မရှီကထောင်နဲ့ အေးမြသာယာ ရပ်ကွက်တွေမှာ နေအိမ်တွေထဲ ရေဝင်ရောက်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့် ကျောက်ဝိုင်း၊ ငှက်ပျောတော၊ မရှီကထောင် စတဲ့ရပ်ကွက်တွေအပြင် လုံးခင်းကျေးရွာဘက်မှာပါ ရေကြီးရေလျှံခဲ့ပါတယ်။










