DVB Logo
Home
မြန်မာသတင်း
တောင်ငူ၊ နတ္တလင်းနှင့် ပေါင်းတည်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
April 15, 2022
တောင်ငူ၊  နတ္တလင်းနှင့် ပေါင်းတည်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း၊ တောင်ငူမြို့ အထက ၂ ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ PDF တပ်ဖွဲ့ဝင်တွေက ဧပြီ ၁၅ ရက် မနက် ၉ နာရီကျော်လောက်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မြို့ပြအခြေစိုက်ရှင်းလင်းရေးအဖွဲ့ (TGO_LPDF) အဖွဲ့က သူတို့တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပြီး လုံခြုံရေးတွေ တင်းကျပ်နေတဲ့ကြားက တော်လှန်နိုင်ခဲ့တာ ဖြစ်ကြောင်းနဲ့ ပြည်သူတွေအတူပါဝင်ပေးကြဖို့ တောင်းဆိုထားပါတယ်။

TGO-LPDF တာဝန်ရှိသူက " ကျောင်းထဲမှာ လက်နက်ကိုင်တွေ ရှိနေတာကိုက ကျက်သရေယုတ်နေတာ။ ဒီနေ့တော့ အကောင်အထည်ဖော်လိုက်ပြီ။ဒီနေ့က ကျောင်းထဲက အနောက်ပေါက်မှာ သူတို့ ပွိုင့်ကားတစီး ရပ်ထားတဲ့အချိန် စစ်ကောင်စီတပ်က ၇ ယောက်လောက်နဲ့ ရဲက ၆ ယောက်လောက် ရှိနေတဲ့အချိန်မှာ လှမ်းထုလိုက်တာ။ သူတို့ဘက်က ပွိုင့်ကားနဲ့ စစ်ကောင်စီတပ်သား ၃ ယောက်လောက် ထိခိုက်သွားတယ်လို့တော့ ကြားတယ်။ သေမသေကတော့ စုံစမ်းတုန်းပဲ" လို့ ပြောပါတယ်။

အထက ၂ ကျောင်းက တောင်ငူမြို့ ၂ ရပ်ကွက် နန်းတော်ဟောင်းလမ်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက အဲ့ဒီကျောင်းထဲမှာ လုံခြုံရေးတပ်တွေ အထိုင်ချထားတာဖြစ်ပါတယ်။ 

ဒေသခံတဦးကလည်း "မနက်က အသံတော့ ကြားလိုက်တယ်။ ဆူညံသံတွေနဲ့ဆိုတော့ ဘာလည်း မသဲကွဲဘူး။ ဒါပေမဲ့ ခုနကတော့ စစ်ကောင်စီတပ်သားတွေ လမ်းတွေပိတ်ပြီး ဆိုင်ကယ်တွေ ကားတွေကို အတင်းအကျပ် စစ်ဆေးမှုတွေ လုပ်နေတယ်။ ဓာတုကလျာလမ်းက လူငယ် ၂ ယောက်ကို ရိုက်နှက်ဖမ်းဆီးသွားပြီး သူတို့ကို လာကူညီတဲ့ ရဲတွေကိုလည်း မောင်းထုတ်နေတယ်။ သူတို့ဟာသူတို့ စုံစမ်းမယ်ဆိုတဲ့ သဘောလား၊ရဲကို မယုံတာလားတော့ မသိဘူး။ အဲ့ဒါတွေတော့ လုပ်နေကြတယ်" လို့ ပြောပါတယ်။

ပဲခူးတိုင်း နတ္တလင်းနဲ့ ပေါင်းတည်မြို့တွေမှာလည်း ဧပြီ ၁၃ ရက်က  စစ်ကောင်စီလှည့်ကင်းအဖွဲ့နဲ့ စစ်ဆေးရေးဂိတ်မိုင်းခွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ ၇ ယောက်လောက် ဒဏ်ရာရသွားးတယ်လို့ ပဲခူးတိုင်းPDF ကနေသိရပါတယ်။

နတ္တလင်းမြို့ကနေ တာပွန်ဘက်ကိုသွားတဲ့ ကျန်တောစုလမ်းဆုံနားမှာ ဧပြီ ၁၃ ရက် ည ၁၂ နာရီလောက်က Probox ကားတစ်စီး၊ ဆိုင်ကယ် ၈ စီးနဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို သာယာဝတီခရိုင် PDF တပ်ရင်း(၁)တပ်ခွဲ(၁)က အဝေးထိန်းမိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီးPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး ၇ ယောက်လောက် ဒဏ်ရာရရှိကာ PDF ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်-ပြည်လမ်းမပေါ် ပေါင်းတည်မြို့နဲ့ အင်းမကြားက ဝက်ပုတ်တံတားရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကိုလည်း ဧပြီ ၁၃ ရက် ည ၇ နာရီခွဲလောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လိ့ ပြည်ခရိုင်PDF တပ်ရင်း(၁)တပ်ခွဲ(၁)ကပြောပေမဲ့  ထိခိုက်သေဆုံးမှု အတည်မပြုနိုင်သေးပါဘူး။

ပဲခူးတိုင်း PDF တပ်ရင်းအနေနဲ့ စစ်ကောင်စီတပ်တွေကို အရှိန်ဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့နဲ့သက်ဆိုင်တဲ့နေရာတွေကို ဝေးဝေးရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့  ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013