DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် ငလျင်ကြောင့် လူ ၁ ဦး သေဆုံးပြီး အဆောက်အအုံများ ပျက်စီး
DVB
·
April 2, 2026
Photo: REUTERS/Tonny Rarung
Photo: REUTERS/Tonny Rarung
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ၊ တာနာတေးကျွန်းအနီး မိုလုကာပင်လယ် မြောက်ပိုင်းမှာ ဧပြီ ၂ ရက်က ပြင်းအား ၇ ဒသမ ၆ ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့တာကြောင့် အဆောက်အအုံတွေ ပျက်စီးကာ လူတယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပြီး ဒီငလျင်ကြောင့် အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ အဆိုအရ ပြင်းအားပမာဏ ၅ အထိရှိတဲ့ နောက်ဆက်တွဲငလျင်တွေ ထပ်လှုပ်ခဲ့သလို အင်ဒိုနီးရှား မိုးလေဝသဌာနကလည်း ဟယ်လ်မာဟီရာ အနောက်ပိုင်း နယ်မြေမှာ ၀ ဒသမ ၃ မီတာနဲ့ ဘီတွန်မြို့မှာ ၀ ဒသမ ၂ မီတာ အမြင့်ရှိတဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားရုပ်သံလိုင်း Kompas TV မှာတော့ ငလျင်လှုပ်ပြီးနောက် ဘီတွန်မြို့က အဆောက်အအုံမျက်နှာစာတချို့ ပျက်စီးသွားတာနဲ့ ဘေးကင်းဖို့အတွက် အပြင်ဘက်မှာ ထွက်နေကြတဲ့ လူတွေကို ပြသခဲ့ပါတယ်။

အင်ဒိုနီးရှားရုပ်သံလိုင်း Metro TV မှာတော့ မာနာဒိုဒေသမှာ အဆောက်အအုံအပျက်အစီးတွေ ပိပြီး လူတယောက် သေဆုံးသွားတယ်လို့ ကြေညာခဲ့ပြီး အဆောက်အအုံတွေ ပျက်စီးနေတဲ့ ဗီဒီယိုတွေကိုလည်း ပြသခဲ့ပါတယ်။

မာနာဒိုဒေသက အားကစားအဖွဲ့အစည်းပိုင် အဆောက်အအုံတခု ပြိုကျခဲ့လို့ အသက် ၇၀ အရွယ် ဒေ့ထ်ဂျယ်လေဟာ,ဟာ အပျက်အစီးတွေပိပြီး သေဆုံးသွားခဲ့တာလို့ ကယ်ဆယ်ရေးအေဂျင်စီ (SAR) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နူရီယာဒင် ဂူမယ်လန်က ပြောပါတယ်။

မာနာဒိုမြို့ပေါ်မှာရှိတဲ့ ဆေးရုံတရုံနဲ့ တခြားအဆောက်အအုံ အတော်များများလည်း ပျက်စီးခဲ့ရပါတယ်။

ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုတွေမှာတော့ ဆေးရုံက လူနာတွေဟာ ဆေးပုလင်းတွေ ကိုင်လျက်သားနဲ့ ဘေးကင်းရာ လမ်းပေါ်ကို ထိတ်လန့်တကြား ပြေးထွက်လာကြတာကို တွေ့ရပါတယ်။

မြို့ခံတွေရဲ့ ပြောကြားချက်အရ ငလျင်လှုပ်ချိန်မှာ အိမ်ထဲကပစ္စည်းတွေ ပြုတ်ကျတာနဲ့ လျှပ်စစ်မီး ပြတ်တောက်တာတွေ ဖြစ်ခဲ့ပါတယ်။

အစောပိုင်းမှာ အမေရိကန် ဆူနာမီသတိပေးအဖွဲ့တွေက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှား ကမ်းရိုးတန်းတွေမှာ ဆူနာမီအန္တရာယ် ရှိနိုင်ကြောင်း သတိပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီသတိပေးချက်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ငလျင်နဲ့ မီးတောင်လှုပ်ရှားမှုတွေ အလွန်များပြားတဲ့ “ပစိဖိတ်မီးဝိုင်း” ဒေသထဲမှာ ရှိနေတာကြောင့် အခုလို အင်အားပြင်းငလျင်တွေ မကြာခဏဆိုသလို ကြုံတွေ့ရလေ့ ရှိပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013