
အီရန် အာကာသတပ်ဖွဲ့က ဂျော်ဒန်နိုင်ငံထဲက အမေရိကန်လေတပ်စခန်းနဲ့ ဗဟိုကွပ်ကဲရေးဌာနဆီ ဇူလိုင် ၂၉ ရက် အစောပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ အီရန် အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) က ကြေညာပါတယ်။
အမေရိကန်ရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို တုံ့ပြန်တာလို့ IRGC ရဲ့ ပြန်ကြားရေး သတင်းဌာန ဆီပါနယူးစ်က ထုတ်ပြန်တဲ့ ကြေညာချက်တွေထဲမှာ ဖော်ပြပါတယ်။
IRGC ဟာ အရှေ့အလယ်ပိုင်းမှာ အခြေစိုက်တဲ့ အမေရိကန်တပ်ဖွဲ့တွေကို ရုတ်တရက် တိုက်ခိုက်ရာမှာ အီရန်ကနေ ပဲ့ထိန်းဒုံးကျည်တွေ အများကြီးကို ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က X လူမှုကွန်ရက်ပေါ်ကနေ အင်္ဂါနေ့က သတင်းထုတ်ပြန်ပါတယ်။
အီရန်ဒုံးကျည်အားလုံးကို အောင်အောင်မြင်မြင် ကြားဖြတ်နိုင်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့တွေက သတိရှိရှိနဲ့ အသင့်အနေအထားမှာ ရှိနေကြတယ်လို့ ထပ်ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်း အမေရိကန်စစ်တပ်က အီရန်ပစ်မှတ်တွေကို တိုက်ခိုက်တာတွေ အများကြီး လုပ်ခဲ့တာပါ။
ရေလက်ကြားထဲက သင်္ဘောတွေအပေါ် အီရန်ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တာဖြစ်ပြီး “အီရန်ရဲ့ ကုန်သွယ်ရေးသင်္ဘောတွေအပေါ် ခြိမ်းခြောက်နိုင်စွမ်းကို လျော့ကျစေဖို့ ရည်ရွယ်တယ်” လို့လည်း သူတို့က ပြောပါတယ်။
အီရန်က ဒေသတွင်း အမေရိကန်စစ်စခန်းတွေနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက် တုံ့ပြန်ခဲ့ပါတယ်။
Source: Reuters










