DVB Logo
Home
မြန်မာသတင်း
ကလေးနှင့် ရွှေဘိုမြို့နယ်တို့၌ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ရွာသား ၁ ဦး သေဆုံး
DVB
·
April 14, 2022
ကလေးနှင့် ရွှေဘိုမြို့နယ်တို့၌ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ရွာသား ၁ ဦး သေဆုံး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးကို ကလေး PDF တပ်ဖွဲ့တွေက ဧပြီ ၁၃ ရက် ညနေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၅ ယောက်လောက် သေဆုံးနိုင်ကြောင်းနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဘူးလို့ ကလေး PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကလေး PDF တပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၁၃ ရက်မှာပဲ ကလေးမြို့ ဒေသကွပ်ကဲ‌ရေး စစ်ဌာနချုပ်နဲ့ ထောက်ပို့တပ်ကိုလည်း  ၄၀-မမ၊ ၆၀-မမ၊ ၈၀-မမ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ 

ဒါ့အပြင် ကလေးမြို့နယ် အနောက်မြောက်ပိုင်း ပြည်တော်သာရွာအနီးမှာလည်း မနေ့က တိုက်ပွဲဖြစ်ပွားပြီး  ကလေး PDF ဘက်မှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကာ ၄ ဦးဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၅ ဦး သေဆုံးနိုင်တယ်လို့ ကလေး PDF က ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြည်တော်သာရွာဘက်ကို ဦးတည်ပြီး မိုင်နွဲ့ရွာဘက်မှ စစ်ကြောင်း ၁ ကြောင်း၊ ကျောင်းတိုက်ရွာနဲ့ ဆည်တော်ဦးရွာတွေဘက်က စစ်ကြောင်း ၁ ကြောင်း၊ စုစုပေါင် စစ်ကြောင်း ၂ ကြောင်း အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာရာ မနေ့မနက် ၁၀ နာရီဝန်းကျင်ကစပြီး နေ့လယ် ၃ နာရီလောက်အထိ PDF (Kalay)၊ Zomi PDF၊ PDA၊ CNDF၊ CDM (Siyin)၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လတ်တလောမှာ ကလေးမြို့ပေါ်နဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံတဲ့ နေရာမှာ‌ နေထိုင်ကြပြီး မလိုအပ်ဘဲ အပြင်မထွက်ကြဖို့နဲ့ တပ်ဖွဲ့ဝင်တွေရဲ့ သတိပေးချက်တွေကို လိုက်နာကြဖို့လည်း ကလေး PDF က အသိပေး ထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ် အရှေ့စည်းကျေးရွာမှာတော့  ဧပြီ ၁၂ ရက်က စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာနေ ၆၆ နှစ်အရွယ် ဦးဖိုးတုတ် ထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရကာ မိနစ်ပိုင်းအတွင်း သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ နန်းကသည်းမြစ် တဘက်ကမ်းရှိ မြောက်စည်းကျေးရွာ ရဲစခန်းကနေ အရှေ့စည်းကျေးရွာတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။

ဒေသခံတဦးက “စစ်သားတွေက အမြဲလိုလို ရွာထဲကို လက်နက်ကြီးတွေနဲ့ထုတယ်၊ တခါတလေ ရွာထဲကျလို့ အိမ်တွေ ပျက်စီးတာမျိုးတော့ ရှိခဲ့တယ်။ အခုလည်း ကိုဖိုးတုတ်က လက်နက်ကြီး မှန်ပြီး သေသွားတယ်။ ပြေးချင်ပေမဲ့ ပြေးဖို့က အဆင်မပြေဘူး၊ တောင်ယာလုပ်မှ စားရတာ ဆိုတော့ တောင်ယာကိုစွန့်ခွာပြီး ပြေးလို့မဖြစ်နိုင်တာကြောင့် လုံခြုံတယ်လို့ ထင်တဲ့နေရာမှာ ဝပ်နေကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ အရှေ့စည်းကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ ရှိတယ်လို့ ယူဆပြီး စစ်ကောင်စီ တပ်သားတွေက လက်နက်ကြီးတွေနဲ့ထုတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကလေးမြို့နယ် အောင်မင်္ဂလာကျေးရွာမှာလည်း ဧပြီ ၁၂ ရက်က စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်ပွားပြီးနောက်  စစ်ကောင်စီတပ်တွေက ကျေးရွာတွင်းက လူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာထားမှာလည်း မိုင်းထောင်ခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။

တိုက်ပွဲအပြီး ကျေးရွာက ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ဦးမြင့်ပိုဟာ သူ့ဇနီးနဲ့အတူ နေအိမ်အပြန်လမ်းမှာ မိုင်းနင်းမိပြီး သေဆုံးသွားကာ သူ့ဇနီးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေး PDF တပ်ဖွဲ့တဦးက “ကျနော်တို့က ရွာသားတွေကို မပြန်ခိုင်းသေးဘူး၊ နေဦး စစ်သား‌တွေက မိုင်းတွေထောင်ရင် ထောင်ထားခဲ့မှာ၊ မိုင်းတွေ ရှာဖွေရှင်းလင်းဦးမယ်၊ ပြီးမှ စိတ်ချရမှ ပြန်လို့ ပြောခဲ့ပေမဲ့ သေဆုံးတဲ့ အမျိုးသားဟာ နားမထောင်တာကြောင့် မိုင်းမိသေဆုံးသွားတာ” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကလေးမြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ပြင်းနေတာကြောင့် ဒေသခံတွေအနေနဲ့ ကလေး-ဂန့်ဂေါလမ်းကြောင်းကို အသုံးမပြုကြဖို့ကိုလည်း ကလေး PDF က မေတ္တာရပ်ခံထားပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာတော့  ဧပြီ ၁၃ ရက်ညပိုင်းက ရွှေဘို-မြစ်ကြီးနားလမ်း ရေထွက်ကျေးရွာအနီး တန်ပိုစစ်ဆေးရေးတိုးဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က  ဝင်ရောက်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရွှေဘိုဒေသခံတစ်ဦးက “ည ၁၀ နာရီမထိုးခင်လေးမှာ တိုက်ပွဲဖြစ်တာ။ လက်နက်ကြီး ပေါက်ကွဲသံလည်း ကြားရတယ်။ သေနတ်သံတွေလည်း ကြားရတယ်။ ဒေသခံ PDF နဲ့ တိုက်ပွဲဖြစ်တာ။ သေနတ်သံတွေကတော့ ရွာထဲကနေ ကြားနေရတယ်။ သွားမကြည့်ရဲဘူး အသေအပျောက်တော့ရှိမှာပဲ။ တိတိကျကျ မသိရသေးဘူး”  လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်ဆေးရေးဂိတ်အနီးနေထိုင်တဲ့ ကျေးရွာတွေက ရွာသားတချို့ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013