DVB Logo
Home
မြန်မာသတင်း
ထီးလင်းကော်မရှင်ရုံးကို YDF က ဝင်ရောက်စီးနင်း၊ ရေစကြို၌ စစ်ကောင်စီကား ၁ စီး မိုင်းဆွဲခံရ
DVB
·
April 14, 2022
ထီးလင်းကော်မရှင်ရုံးကို YDF က ဝင်ရောက်စီးနင်း၊ ရေစကြို၌ စစ်ကောင်စီကား ၁ စီး မိုင်းဆွဲခံရ
1 / 4
Donate to DVB

မကွေးတိုင်း ထီးလင်းနဲ့ ရေစကြိုမြို့နယ်တို့မှာ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ထီးလင်းမြို့ ကော်မရှင်ရုံးကို YDF-ထီးလင်းက စီနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ  ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင်က ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ဆီက ရဲဘော်တွေက သွားတုန်းကတော့ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ မီးသတ်ရုံးကို မိုင်းဆွဲတိုက်ခိုက်ဖို့သွားတာဗျ။ မီးသတ်ရုံးမရောက်ခင် ကော်မရှင်ရုံးထဲမှာ ၃ ပွင့်နဲ့ စစ်ဗိုလ်အပါဝင် ကော်မရှင်ဦးစီး၊ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ သောက်စားမူးရူးနေတာတွေလို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗိုလ်ကြီးနေလင်းအောင်ကတော့ ပေါင်မှာ ကျည်ဆန်ထိမှန်ဒဏ်ရာရကာ ထွက်ပြေးသွားပြီး ၉ မမကျည် ၁၂ တောင့်၊ ပစ္စတိုကျည်ဘောက် ၁ ခု၊ အိတ် ၁ ခုနဲ့ လက်ကိုင်ဖုန်း ၆ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်ပစ်ခတ်သံကြားပြီး မြို့ထဲက စစ်ကောင်စီတပ်သားတွေ စစ်ကူလိုက်လာရာမှာလည်း ချုံခို တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် မီးသတ်ရုံးထဲမှာ အဆင်သင့်ထောင်ထားတဲ့ မိုင်းတွေကို ဖောက်ခွဲလိုက်လို့ မီးသတ်ရုံး ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးနိုင်ပေမယ့် အတိကျ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

“မီးသတ်ရုံးထဲမှာက မီးသတ်ဝန်ထမ်းတွေလည်း မနေကြတော့ဘူး။ မီးသတ်ကားတွေလည်း မရှိတော့ဘူး။ စစ်ကောင်စီတပ်သားတွေ တပ်စွဲကာ သောက်စားမူးရူး၊ ဖဲရိုက်တဲ့နေရာ ဖြစ်နေတာ” လို့ ဆိုပါတယ်။

ထီလင်းမြို့ ဒေသခံတယောက်က “ထီးလင်းမြို့အစွန် မီးသတ်ရုံးဘက်မှာ ဒီကနေ့မွန်းလွဲပိုင်းလောက်က သေနတ်ပစ်ခတ်သံတွေ ကြားရတယ်ဗျ။ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ အင်အားအများအပြားနဲ့ ဖြတ်သွားတာတွေ့ရတယ်။ ထီလင်းမြို့ အဝင်အထွက် ဂိတ်တွေနဲ့ အချက်ချာကျတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ပိတ်ဆို့ ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေတယ်” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်မှာလည်း တော်လှန်သင်္ကြန်အကြိုနေ့ အထိမ်းမှတ်အဖြစ် ဧပြီ ၁၃ ရက်နေ့ ညနေ ၆ နာရီလောက်က ရေစကြိုမြို့နယ် ဆင်မရဲရွာဘက်ကထွက်လာတဲ့ စစ်ကောင်စီကားတစီးကို ဂွက်ကြီးရွာနဲ့ အလယ်သောင်ရွာကြားမှာ ရေစကြို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို PDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကိုပြောပါတယ်။

“မိုင်းဆွဲတိုက်ခိုက်တဲ့ အချိန်မှာ စစ်ကောင်စီကားကို ကွက်တိထိမှန်သွားတယ်ဗျ။ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် အတိအကျမသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်။ မိုင်းဆွဲတိုက်ခိုက်ပြီး ကျနော်တို့ ရေစကြို PDF က ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။” 

ပြည်သူတွေအနေနဲ့ စစ်ကောင်စီက ကျင်းပနေတဲ့ သင်္ကြန်ပွဲကို မသွားရောက်ကြဖို့နဲ့ တော်လှန်သင်္ကြန်ဆင်နွှဲပြီး တော်လှန်ကြဖို့ ရေစကြို PDF က တိုက်တွန်းထားပါတယ်။

ဒေသခံတယောက်က “ဂွက်ကြီးရွာနားမှာ မိုင်းကွဲသံနဲ့ သေနတ်ပစ်ခတ်သံတွေ ကြားရတယ်ဗျ။ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ အဲဒီနောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ၊ ကားတွေ ဆိုင်ကယ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာကို လိုက်သွားတာတွေ့ရတယ်” လို့ ပြောပါတယ်။

ဧပြီလ ၇ ရက်နေ့ညကလည်း ရေစကြို မြို့မရဲစခန်းရှေ့မှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေကို ရေစကြို PDF က မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013