
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၂ ရက်နေ့က စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးမြို့နယ်၊ အရှေ့စည်းကျေးရွာက အဘိုးအိုတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဒီကောင်တွေ ရွာအတွင်းကိုပစ်လို့ အရှေ့စည်းကျေးရွာက အဘိုး သေဆုံးခဲ့တယ်။ ဘယ်သွားလို့ အပစ်ခံရတာလဲဆိုတော့ ဘယ်မှမသွားဘူးဗျ။ သူ နေအိမ်မှာပဲ နေတာ။ အသက်က ၆၆ နှစ်ကျော်ရှိပြီဗျ။ မှန်တာက နောက်ကျောကိုထိမှန်ခဲ့တာ။”
ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်စစ်ဆေးနေပြီး ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း ဧပြီ ၁၃ ရက် နေ့လယ် ၂ နာရီဝန်းကျင်လောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်လှုပ်ကျေးရွာက အမျိုးသားတဦး နေအိမ်မှာရှိနေစဥ် လက်နက်ကြီးကျည် ထိမှန်ခံခဲ့ရကာ ဝမ်းဗိုက်နဲ့လက်မောင်းတွေ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ယင်းမာပင်မြို့မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့က ဘာအကြောင်းအရာမှမရှိဘဲ တမင်တကာ ရမ်းသန်းပစ်ခတ်တာဖြစ်ကြောင်းနဲ့ အဲဒီလိုပစ်ခတ်မှုတွေကြောင့် လက်လှုပ်ရွာ၊ ပြောင်းပြာရွာနဲ့ မြို့ပေါ်ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နေအိမ်တွေမှာ မနေရဲကြဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။