DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်၌ NUG အစိုးရ၏ ပညာရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရား စတင်လည်ပတ်
DVB
·
April 13, 2022
ကနီမြို့နယ်၌ NUG အစိုးရ၏ ပညာရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရား စတင်လည်ပတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ကြားကာလပညာရေး အခြေခံပညာ  ကျောင်းသား ၂၀၀၀၀ ကျော်ကို ဆရာ၊ ဆရာမ ၂၀၀၀ ကျော်က  စာသင်ပေးနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ အုပ်ချုပ်ရေး ယန္တရားတချို့ ကနီမြို့နယ်မှာ စတင်လည်ပတ်နိုင်ပြီလို့ ကနီပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နယ်မြေ ၁ မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့နဲ့ မြို့နယ်ပညာရေးဘုတ်အဖွဲ့တို့ ပူးပေါင်းပြီး ဧပြီ ၁၁ ရက်နေ့က ကျေးရွာပေါင်းစုံ ပညာရေးစုံညီပွဲတော် ကျင်းပနိုင်ခဲ့ပါတယ်။

ကနီမြို့နယ်ထဲက ကျေးရွာပေါင်း ၁၄၀ ကျော်မှာ  မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပညာတွေမှာ ပညာသင်ကြား ပို့ချနိုင်ပြီလို့ ကနီပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေး လမ်းညွှန်ချက်တွေအတိုင်း ကနီပညာရေးဘုတ်အဖွဲ့က ဖော်ဆောင်နေတာဖြစ်ပြီး ဧပြီ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ ကျေးရွာပေါင်းစုံ ပညာရေးစုံညီပွဲဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကောင်းမွန်တဲ့ ပုံရိပ်ကို ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ကနီပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

"ကနီမြို့နယ်မှာ ကျောင်းသားဦးရေ နှစ်သောင်းကျော်သွားပြီဗျ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အကုန်လုံးသင်နိုင်တယ်။ ပညာရေးစုံညီပွဲတော် လုပ်ရတဲ့ ရည်ရွယ်ချက်က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်မှုနဲ့ ကနီမြို့နယ်မှာ ပညာရေး အကောင်အထည်ဖော်နေပြီ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပုံရိပ် ပေါ်လွင်အောင် ကျနော်တို့က ကျေးရွာပေါင်းစုံ အားကစားပွဲတော်တွေလည်း ကျင်းပတယ်။ ကနီတမြို့နယ်လုံး အတိုင်းအတာအရ ကျေးရွာပေါင်း ၁၄၀ ကျော်မှာ စတင်သင်ကြားနိုင်ပြီး ထက်လယ်မူ နှစ်သောင်းကျော်ဗျ။ ဆရာ ဆရာမအင်အား နှစ်ထောင်ခန့်နဲ့ ကျနော်တို့မြို့နယ်မှာ ဇန်နဝါရီ ၄ ရက်နေ့မှာ ပညာရေး စတင်ခဲ့တာပါ။ စာသင်ကာလ သုံးလကျော်ပါပြီ။ ကလေးတွေ ပညာရေးနဲ့ ပတ်သက်ပြီး ဉာဏဆုပေးနိုင်ဖို့ စာမေးပွဲတွေစစ်၊ ဖြေတာတွေ ပြုလုပ်ပြီးတော့ ကျနော်တို့ အကောင်အထည်ဖော်နေတာ တော်တော်လေး ခရီးရောက်နေပါပြီ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သရုပ်ကို ပေါ်လွင်အောင်လို့ ခုလို စုံညီပွဲတော် ကျင်းပရတာ ဖြစ်ပါတယ်။ ပျော်ပွဲရွှင်ပွဲအနေနဲ့ ကျင်းပတာ မဟုတ်ပါဘူး။ အစိုးရတရပ် ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ပြီ ဆိုတာကို ပြချင်တာပါ။ NUG ရဲ့ယန္တရားတွေ လည်ပတ်နေပါပြီ။ ကနီမြို့နယ် ပအဖလည်း ပီပီပြင်ပြင် ပေါ်ပေါက်နေပါပြီ။ တရားရေးကိုလည်း ချုပ်ကိုင်နိုင်နေပါပြီ။"

ကနီမြို့နယ်မှာ  NUG ပညာရေးစနစ်ကို ဇန်နဝါရီ ၄ ရက်နေ့က စတင်အကောင်အထည် ဖော်ခဲ့တာဖြစ်ပြီး ပညာသင်ကာလ ၃ လကျော်လာတဲ့အထိ အောင်မြင်နေတာပါ။

စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေ အကြမ်းဖက်တာတွေဟာ စစ်ကိုင်းဒေသခံတွေအတွက် ပုံမှန်အခြေအနေတခုလို ဖြစ်လာပြီး ကလေးတွေ ပညာရေး ပိုမဝေးသွားအောင် ရတဲ့နည်းလမ်းနဲ့ ကျောင်းကိုပို့နေတယ်လို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။

"NUG ဘက် အနေအထားကလည်း တတ်နိုင်သလောက် ကူညီပေးနေတာ ဖြစ်တဲ့အတွက် ကျောင်းသားမိဘတယောက် အနေနဲ့ကတော့ ဝမ်းသာမိပါတယ်။ ကျနော်တို့က ပညာရေးနဲ့ အဆက်ပြတ်နေတာ ကြာပြီဆိုတော့ မိဘတယောက်အနေနဲ့ ကျေနပ်စရာ ကောင်းပါတယ်။ အားလုံးလည်း ဒီလိုပဲဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျနော်တို့ကလေးတွေ ပညာသင်ကြားရလို့ဖြစ်စေ မသင်ကြားရတာဖြစ်စေ သူတို့စစ်ကြောင်းလာရင် ပြေးရတာဖြစ်တဲ့အတွက် ကြောက်တဲ့စိတ်ကတော့ ထူးပြီး ခံစားရတာ မရှိပါဘူး။"

၂၀၂၀ ကိုဗစ် ပထမလှိုင်းကစပြီး နိုင်ငံတဝန်းက အခြေခံပညာကျောင်းတွေကို ပိတ်ထားခဲ့ရတဲ့အတွက် ကလေးတွေဟာ ပညာရေးနဲ့ စာသင်နှစ် ၂ နှစ် ဝေးကွာခဲ့ရပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းကို အချိန်တနှစ်ကျော် အကြမ်းဖက် ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဒေသခံတွေက ခုခံတွန်းလှန်ခဲ့တာကြောင့် သူတို့ထင်သလို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ 

ဒေသတွင်း PDF တွေ အားကောင်းလာတာနဲ့အမျှ အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်ကိုင်းတိုင်းထဲမှာ အစိုးရယန္တရားတွေ လည်ပတ်နိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း အပါအဝင် အနောက်မြောက်တိုင်း စစ်ဒေသမှာ တိုက်ပွဲတွေ၊ တော်လှန်ပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေကြောင့် စစ်ကောင်စီရဲ့ ယန္တရားတွေဟာ ရပ်ဆိုင်းလုနီးပါး အခြေအနေလည်း ဖြစ်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013