မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်ကောင်စီက သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲကြဖို့ ပြည်သူလူထုကို လိုက်လံနှိုးဆော်နေပေမဲ့ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ ရေပက်ကစားသူ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
အရင်တုန်းကဆိုရင် သင်္ကြန်အကြိုနေ့မှာ မော်လမြိုင် ကမ်းနားလမ်း၊ အောက်လမ်းမကြီး၊ အထက်လမ်းမကြီးနဲ့ ဒိုင်ဝန်းကွင်းလမ်းမကြီးတွေမှာ စတင် ရေပတ်ကစားလေ့ရှိတာ ဖြစ်ပြီး ဒီနှစ်မှာတော့ စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေက ရေမကစားကြပဲ နေနေကြတာပါ။
စစ်ကောင်စီက မော်လမြိုင် သင်္ကြန်ပွဲတော် စည်းကားဖို့အတွက် သင်္ကြန်မဏ္ဍပ်တွေ တည်ဆောက်နိုင်တယ်လို့ ကြေညာထားပေမဲ့ ပြည်သူတွေ သင်္ကြန်မဏ္ဍပ် တည်ဆောက်တာလည်း မရှိပါဘူး။
စစ်ကောင်စီကတော့ မော်လမြိုင်ကမ်းနားလမ်းမှာ ဗဟိုမဏ္ဍပ်တည်ဆောက်ထားပြီး ဗဟိုမဏ္ဍပ်ကို ညနေပိုင်းမှာ ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။
ဒါ့အပြင် ဗဟိုမဏ္ဍပ်အနီး ဖြတ်သန်းသွားခွင့်ကန့်သတ်ထားသလို အတွင်းစည်း၊အပြင်စည်းနဲ့ လုံခြုံရေးအပြည့်ချထားပါတယ်။
မွန်ပြည်နယ်အတွင်းက တော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားများ သမဂ္ဂတွေကလည်း စစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်မှာ ပါဝင်ဆင်နွှဲတာတွေ မလုပ်ဘဲ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။