DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်၌ တပတ်အတွင်း နေအိမ် ၁၀၀ ခန့်မီးရှို့ခံရ၊ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်
DVB
·
April 13, 2022
ယင်းမာပင်၌ တပတ်အတွင်း နေအိမ် ၁၀၀ ခန့်မီးရှို့ခံရ၊ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်အတွင်းရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို လိုက်လံ မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဧပြီ ၁၂ ရက် ညပိုင်းက PDF အဖွဲ့တွေရဲ့ တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဘန့်ဘွေးရွာမကျေးရွာအတွင်း တပ်စွဲနေထိုင်တာဖြစ်ပြီး ည ၇ နာရီဝန်းကျင်လောက်မှာ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အကျအဆုံးတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ချိန်မှာ စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ စစ်ကူလာခဲ့ရပြီး အောင်ဇေယျကွက်သစ် (ဒေသခေါ် ရွှေတောင်ဦးကုန်း) ကနေ တင့်ကားတစီးနဲ့ လက်နက်ကြီးပစ်ကူ ပေးခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

PDF အဖွဲ့တွေက စစ်ကောင်စီတပ်ကို အနီးကပ်တိုက်ခိုက်ခဲ့သလို RPG အပါအဝင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော် သေဆုံးနိုင်ကြောင်းနဲ့ PDF ပူးပေါင်းအဖွဲ့ဘက်က ရဲဘော် ၁ ဦး ထိခိုက်မှုရှိခဲ့ပြီး ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့သူ အမိမြေ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို  နေ့စဉ်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တပတ်အတွင်း  နေအိမ်အဆောက်အဦ ၁၀၀ လောက် မီးလောင်ကျွမ်းခံခဲ့ရပြီး လယ်ယာသုံးပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေလည်း မီးထဲပါသွားခဲ့တယ်လို့  ဒေသခံတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ထန်းဇင်​ကျေးရွာအနီး မုံရွာ ယာကြီး က​လေးဝ လမ်း​ဘေးဝဲယာတလျှောက်က နေအိမ်တွေကို ဧပြီ ၁၁ ရက်မနက်ပိုင်း ၁၀ နာရီဝန်းကျင်​လောက် စစ်​ကောင်စီတပ်နဲ့ ပျူ​စောထီးအဖွဲ့တို့ပူး​ပေါင်းပြီး မီးရှို့ဖျက်ဆီးတာကြောင့် ​နေအိမ်အ​ဆောက်အအုံ ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ဧပြီ ၁၂ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်​လောက်ကလည်း စစ်​ကောင်စီတပ်ဖွဲ့​က  ကံစု​ကျေးရွာ၊ ​ညောင်ငုတ်တို​တောပြင်နဲ့ ဘန့်​ဘွေးရွာမ​ကျေးရွာတို့က ​​ဒေသခံပြည်သူ ၃၀ ကျော်ရဲ့ နေအိမ်အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဒေသခံ ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်တာ၊ ရိုက်နှက်တာတွေပါ ပြုလုပ်ခဲ့ကြသလို  နေအိမ်အဆောက်အဦတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အိုးအိမ်မဲ့တွေ များလာတဲ့ ဒေသခံပြည်သူတွေဟာ အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရပြီး သက်ဆိုင်ရာ ဆွေမျိုး၊ မိတ်ဆွေတွေရှိရာ သွားရောက်ကာ ဖြစ်သလို နေထိုင်စားသောက် နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013