
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့မှာ သံဃာတော်တွေကို ဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ တောင်ဥက္ကလာပမြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာစောနိုင်ကို အာဏာရှင်စစ်တပ်က ဇူလိုင် ၂၄ ရက်မှာ ထောင် ၃ နှစ် ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဒေါက်တာစောနိုင်ကို တောင်ဥက္ကလာပမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ် အမိန့်ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူယောက်က DVB ကို ပြောပါတယ်။
“နိုင်ငံတော် ပုန်ကန်မှုလည်း မဟုတ်ဘူး။ အမေစုမွေးနေ့မှာ အမေစု ကုသိုလ်ရအောင် သံဃာတွေကို ဆွမ်းလောင်းပေးတယ်။ ဆုတောင်းပေးတယ်။ ဒါကို စစ်တပ်က ပုဒ်မ ၅၀၅ (က) ထောင် ၃ နှစ် ချတယ်ဆိုတော့ အမေစုအပေါ် စစ်တပ်က ဘယ်လောက်မုန်းတီးနေလဲဆိုတာ သိသာတယ်” လို့ ပြောပါတယ်။
ဒေါက်တာစောနိုင်နဲ့ဇနီးဖြစ်သူဟာ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့မှာ သံဃာတော်တွေကို ဆွမ်းလောင်းလှူပြီး အမေစုကျန်းမာပြီး အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေလို့ ဆုတောင်းစာကို လူမှုကွန်ရက်မှာ ရေးတင်ခဲ့ပါတယ်။
အဲဒီနေ့ညမှာပင် ဒေါက်တာစောနိုင်နဲ့ဇနီးဖြစ်သူကို တောင်ဥက္ကလာပမြိုနယ်က နေအိမ်မှာ အာဏာရှင်စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဇနီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ဒေါက်တာစောနိုင်ကိုတော့ အမှတ် ၂ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်က တရားလိုလုပ်ပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
သွားဘက်ဆိုင်ရာဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာစောနိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုပြီး တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။











