DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်၌ NUG စာသင်ကျောင်း ၅၀ ခန့် ပြန်ဖွင့်
DVB
·
April 12, 2022
ယင်းမာပင်၌ NUG စာသင်ကျောင်း ၅၀ ခန့် ပြန်ဖွင့်
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတချို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လမ်းညွှန်ချက်နဲ့ ကြားကာလပညာရေးအဖြစ် စတင်ဖွင့်လှစ် သင်ကြားပေးနေတဲ့ အခြေခံပညာ စာသင်ကျောင်းပေါင်း ၅၀ လောက်ရှိနေပြီလို့ ဒေသခံ PDF အဖွဲ့ထံက သိရတယ်။ 

ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားနဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တားဆီးနိုင်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းကာ ဖေဖော်ဝါရီ ၄ ရက်ကစလို့  စာသင်ကျောင်းတွေကို စတင်ဖွင့်လှစ်ခဲ့တာလို့ ဒေသခံ PDF အဖွဲ့ ခေါင်းဆောင်ဆရာစံက ဒီဗွီဘီကိုပြောပါတယ်။

“NUG အစိုးရရဲ့ အခြေခံအုတ်မြစ်အဖြစ် အုပ်ချုပ်ရေး ယန္တရားတွေကို အထူး တည်ဆောက်နေပါတယ်။ ယင်းမာပင်မြို့နယ်အတွင်းမှာ လက်ရှိအချိန်အထိ စာသင်ကျောင်းပေါင်း ၅၀ ဝန်းကျင်ဖွင့်လှစ်ထားနိုင်ပြီး ကျောင်းတက်ရောက်သူ ၈၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။  တော်လှန်ရေးကာလ ပညာရေးဖြစ်တဲ့အတွက် အတန်းအောင်ခြင်း မအောင်ခြင်းက အဓိကကျသလား၊ ပညာကအဓိက ကျသလားဆိုတာ တွေးဖို့လိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်က ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လပတ်စာမေးပွဲ၊ အတန်းတင်စာမေးပွဲတွေ လုပ်ပေးမဲ့ပေါ်မူတည်ပြီး အောင်မြင်မှုအတိုင်းအတာကို ဖော်ပြပေးမဲ့ အချိန်တခုကို  ကျနော်တို့ ယုံကြည်ချက်ရှိသလို မိဘပြည်သူနဲ့ ကျောင်းသားအားလုံး ယုံကြည်ချက်ရှိရှိ ပညာသင်ကြားပေးကြဖို့ တောင်းဆိုချင်ပါတယ်”  ဆရာစံက ပြောပါတယ်။ 

လက်ရှိ ပထမတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားမိဘတဦးက “ကလေးတွေက စာတွေနဲ့ ဝေးနေတာကြာပြီဆိုတော့ အခုလိုကျောင်းတွေ ပြန်ဖွင့်တဲ့အပေါ်မှာ အတိုင်းမသိဝမ်းသာပါတယ်။ ကျမကလေးဆိုရင် ၈ နှစ်ထဲကို ရောက်နေပြီ အခုမှ ပထမတန်း စတက်ရတာဆိုတော့ နောက်တချိန် ကလေးတွေရဲ့ အနာဂတ်က အဆင်ပြေနိုင်ဘူး။ NUG ကဖွင့်ပေးတဲ့ ကျောင်းမျိုးမှာပဲ အေးအေးချမ်းချမ်း ပညာသင်ကြားခွင့်ရစေချင်တာပါ။ စစ်အာဏာရှင်လက်အောက်က ကျောင်းတွေမှာတော့ ဘယ်လိုမှ ကျောင်းမထားချင်ပါဘူး” လို့ ပြောပါတယ်။ 

အဆိုပါကျောင်းတွေမှာ CDM ကျောင်းဆရာ၊ ဆရာမတွေနဲ့ ရပ်ရွာအတွင်းမှာရှိတဲ့ ၁၀ တန်းအောင်၊ ဘွဲ့ရသူတွေက ပရဟိတအနေနဲ့ ပညာသင်ကြားပေးနေတာဖြစ်ပြီး ကျောင်းတကျောင်းမှာ ဆရာ၊ ဆရာမ ဦးရေ ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံအနှံ့ရှိ စာသင်ကျောင်းတွေကို ၁ နှစ်တာ ယာယီပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ်က စစ်အုပ်စု အာဏာသိမ်းမှုကြောင့် လက်ရှိအချိန်အထိ ပညာရေး ယန္တရား ရပ်နားလုနီးပါး ဖြစ်နေခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013