DVB Logo
Home
မြန်မာသတင်း
တမူးမြို့က စစ်ကောင်စီစခန်းတခု သိမ်းပိုက်ခံရ၊ ကလေးမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အကျအဆုံးများပြား
DVB
·
April 12, 2022
တမူးမြို့က စစ်ကောင်စီစခန်းတခု သိမ်းပိုက်ခံရ၊ ကလေးမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အကျအဆုံးများပြား
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း တမူးမြို့နယ်က စစ်ကောင်စီလက်အောက်ခံရဲနဲ့ ပျူစောထီးပူးပေါင်းစခန်းတခု ဧပြီး ၁၁ ရက်နေ့က သိမ်းပိုက်ခံခဲ့ရပြီး ကလေးမြို့နယ်လည်း ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ အကျအဆုံးများတယ်လို့ သိရပါတယ်။

တမူးခရိုင် တမူးမြို့နယ် မြို့သစ်မြို့နယ်ခွဲ ထုံကတင် - တုံးမန လမ်းတလျှောက် ဆက်ကြေးကောက် သောင်းကျန်းနေတဲ့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တွေနဲ့ ပျူ‌စောထီးအင်အား ၁၀‌ ယောက် လောက်ရှိတဲ့ စခန်းတခုကို တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ PDF-CEU နဲ့ ပြောက်ကျားတပ်ဖွဲ့တို့က ဧပြီ ၁၁ ရက်နေ့မှာ အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ PDF-Ceuက ထုတ်ပြန်ပါတယ်။

အဆိုပါစခန်းဝင်ရောက်စီးနင်းစဉ် ရဲတဦးနဲ့ ပျူစောထီးတဦး ထွက်ပြေးလွတ်မြောက်သွားပြီး စခန်းရှိ အပေါင်းပါအရပ်သားတွေနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအရပ်သားတွေကို လူထုအား အနိုင်ကျင့် ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ကြဖို့ နောက်ဆုံးအကြိမ် သတိပေးပြောဆိုပြီး ပြန်လွှတ်လိုက်တယ်လို့ PDF-Ceu က ထုတ်ပြန်ထားပါတယ်။

တမူးမြို့ပေါ်မှာ စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်နှစ်ခု လက်ရှိ ဆောက်လုပ်နေပြီး ပြည်သူလူထုအနေနဲ့ စစ်ကောက်စီရဲ့ လက်အောက်ခံ သင်္ကြန်မဏ္ဍပ်ကို သွားရောက်မလည်ပတ်ကြဖို့ တမူး PDF က မေတ္တာရပ်ခံထားပါတယ်။

ကလေးမြို့နယ်မှာလည်း ဧပြီလ ၁၀ ရက်နဲ့ ၁၁ ရက် နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၅ ဦးထက်မနည်းကျဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဧပြီ ၁၁ ရက်နေ့ မနက်အစောပိုင်းက ကလေး PDF၊  CDF-KKG နဲ့ CNDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၆ ဦးလောက် သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့က CNDF ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကလေး PDF က ဆိုပါတယ်။

ဒါ့အပြင် ကလေးနည်းပညာတက်ကသိုလ်ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇင်းကလင်းရွာနဲ့ ကလေးတက်ကသိုလ်ကြားရှိ လမ်း‌ပိုင်းပေါ်မှာ မနက် ၁၀ နာရီဝန်းကျင်လောက် ကလေး PDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးလောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ညနေပိုင်းမှာပဲ နတ်မြောင်းရွာကနေ စည်သာရွာဘက် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းအပါအဝင် စစ်ယာဉ်တန်းကို ကလေး PDF နဲ့ ပူးပေါင်းတပ်ဖွဲ့က အသင့်တပ်ဆင်ထားတဲ့ မိုင်း ၂၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးလောက် သေဆုံးသွားတယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စည်သာရွာနဲ့ကြာအင်းရွာကြားမှာ ကလေး PDF က မိုင်း ၂၉ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦးလောက် သေဆုံးခဲ့သလို ချင်းဆိုင်ရွာနဲ့ ဇင်ကလင်းရွာကြားမှာ မိုင်း ၁၂ လုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးလောက် သေဆုံးတယ်လို့ ဆိုပါတယ်။

ဧပြီ ၁၁ ရက်နေ့ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်မှာ ကလေး PDF တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကလေးPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဧပြီ ၁၀ ရက်နေ့ ညနေပိုင်းကလည်း ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာကနေ နတ်ချောင်းကျေးရွာဘက် ဦးတည်လာတဲ့ စစ်ကောင်စီ ရိက္ခာတင်ယာဉ်အပါအဝင် ယာဉ်တန်းကို ကလေး PDF၊ CNDF နဲ့ CDF-KKG ပူးပေါင်းတပ်ဖွဲ့တွေက ချောင်းခွကျေးရွာ ပန်းမွန်ချောင်းတံ့တားအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး‌သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က CNDF ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကလေး PDF က ဆိုပါတယ်။

အကျအဆုံးများခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဧပြီ ၁၀ ရက်နေ့က အောင်ချမ်းသာကျေးရွာမှ ကျောင်းဆောင်ဝင်းအတွင်းရှိ အဆောင်တခုကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဧပြီ ၁၁ ရက်နေ့ကလည်း နတ်ချောင်းကျေးရွာမှ ပညာ့ဗိမာန်ကိုယ်ပိုင်အထက်‌တန်းကျောင်းအပါအဝင် နေအိမ် ၁၀၀ ဝန်းကျင်လောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ကလေးနယ်တောင်ပိုင်းက ဒေသခံတွေကတော့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲကြုံနေကြရပါတယ်။

လက်ရှိမှာတော့ ကလေးနယ်တောင်ပိုင်းမှာ စစ်ရေးတင်းမာနေပြီး ဒေသခံတွေအနေနဲ့ ကလေး-ဂန့်ဂေါလမ်းကြောင်းကို အသုံးမပြုကြဖို့ ကလေး PDF က မေတ္တာရပ်ခံထားပါတယ်။

တမူးမြို့နယ်နဲ့ ကလေးမြို့နယ် တိုက်ပွဲဖြစ်စဉ်တွေမှာ ထိခိုက်ဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013