DVB Logo
Home
မြန်မာသတင်း
ယခုနှစ် သင်္ကြန်ကာလ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားအများစု နေရပ်မပြန်နိုင်
DVB
·
April 11, 2022
ယခုနှစ် သင်္ကြန်ကာလ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားအများစု နေရပ်မပြန်နိုင်
Donate to DVB

ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ သင်္ကြန်ကာလရောက်တိုင်း နှစ်စဉ် မြန်မာနိုင်ငံရှိ နေရပ်ဒေသအသီးသီးကို အလုံးအရင်းနဲ့ ပြန်သွားလေ့ရှိကြပေမဲ့ အခုနှစ်မှာတော့ စစ်အာဏာသိမ်းထားမှု၊ နယ်စပ်တံတားဂိတ်တွေပိတ်ထားမှုနဲ့ ကိုဗစ်-၁၉ ရောဂါ အခြေအနေတွေကြောင့် နေရပ်မပြန်နိုင်ဘဲ ရှိနေကြပါတယ်။ 

ကိုဗစ်-၁၉ ရောဂါမတိုင်ခင်  အခုလိုအချိန်ဆိုရင် မြန်မာအလုပ်သမားတွေ သိန်းနဲ့ချီ အိမ်ပြန်ကြကြောင်း၊ အခုအချိန်မှာတော့  တရားမဝင် ပြန်လို့မရတော့တာကြောင့် နေရပ်ပြန်သူဦးရေ အဆမတန်နည်းပါးသွားပြီး မပြန်မဖြစ် ပြန်မယ့်လူတွေကလည်း တရားမဝင်လမ်းကြောင်းကနေ ငွေမတန်တဆပေးနေရတယ်လို့  အေအေစီအ လုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ 

“အလုပ်သမားတွေ နေရပ်မပြန်နိုင်တာ ၂ နှစ်ရှိပါပြီ၊ မနှစ်ကတောင် နည်းနည်းပြန်ကြသေးတယ်။ ဒီနှစ်က မနှစ်ထက်ပိုနည်းသေးတယ်။ မပြန်မဖြစ် အရမ်းအရေးကြီးတဲ့သူတွေ အသက်ကြီးသွားလို့ အလုပ်လုပ်ခွင့်မရှိသူတွေ ၊ ကိုယ်ဝန်ဆောင်တွေ၊ နေမကောင်းလို့အလုပ်မလုပ်နိုင်တော့သူတွေ အဲလိုတွေပဲ ပြန်ကြတယ်၊ ပြန်တော့လည်း တရားဝင်မဟုတ်ဘူး ၊ ရဲကို ပိုက်ဆံပေးပြီး ပို့ခိုင်းရတာ၊ မဟာ ချိုင်ကနေ နယ်စပ်ထိ တယောက်ကို ဘတ် ၇၅၀၀ ပေးရတယ်၊ ပတ်စပို့ရှိသူတွေက လေယာဉ်နဲ့ ပြန်ရင် ဘတ် ၇၇၀၀ ကျတယ်၊ အဲဒီငွေတွေက အလုပ်သမားအတွက်တော့ တကယ်များပါတယ်၊ ပြန်ဝင်လာရင်လည်း ပိုပြီးတော့ခက်ခဲပါတယ် ၊ ပိုက်ဆံ ထပ်ကုန်မယ်၊ အခန့်မသင့်ရင် အဖမ်းခံရမယ်၊ ဒါကြောင့် မပြန်ကြပါဘူးဗျ။”

ကိုဗစ်မဖြစ်ခင်နဲ့  စစ်တပ်အာဏာမသိမ်းခင်က အလုပ်သမားတွေ သင်္ကြန်တွင်း နေရပ်ပြန်မယ်ဆိုရင် မဟာချိုင်မှ မဲဆောက်ထိ ဘတ် ၁၀၀၀ လောက်သာ ကုန်ကျပေမယ့် အခုတော့ ဘတ် ၇၀၀၀ ကျော်ပေးရလို့ ၇ ဆပေးရကြောင်း၊ ဒါတောင်မှ တရားဝင်မဟုတ်ဘဲ ထိုင်းရဲတွေက နားလည်မှုနဲ့ပို့ပေးတာဖြစ်ကြောင်း၊ ဒီကာလမှာ ရွှေ့ပြောင်းလုပ်သားတွေအတွက် အခက်အခဲဖြစ်ပေမဲ့  ထိုင်းရဲတချို့အတွက်တော့ အခွင်ကောင်းတစ်ခုဖြစ်တယ်လို့ ဦးခိုင်ကြီးကပါတယ်။ 

အလားတူ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌဦးမိုးကြိုးက လည်း ကိုဗစ်-၁၉ ကာလမှာ မြန်မာတွေ လွတ်လပ်စွာသွားလာခွင့်မရဘဲ အပတ်စဉ် နယ်စပ်ဘက် လွှဲပြောင်းပေးနေတဲ့ ပြစ်ဒဏ်ကင်းလွတ်သူတွေနဲ့ရောပြီး ပြန်ရတာဖြစ်လို့ ငွေလည်းကုန်၊ လူ့သိက္ခာလည်းကျရတယ်လို့ ဒီဗွီဘီကို ပြောပါတယ် ။

“မဲဆောက်မှာတော့ အမှတ် ၁ ချစ်ကြည်ရေးတံတား ပိတ်ထားတာ ၂ နှစ်ရှိပြီလေ။ ထိုင်းမှာ ဥပဒေချိုးဖောက်လို့အရေးယူခံရပြီး လွတ်ရက်စေ့သူတွေကိုတော့ တံတားအမှတ် ၂ ကနေ  တပတ် ၃ ခါပြန်ပို့တဲ့ အစီအစဉ်ရှိတယ်၊ ပြစ်မှုမကျူးလွန်ဘဲ ပြန်ချင်တယ်ဆိုရင်တော့ သူတို့နဲ့ရောပြီး ပြန်ရတာပေါ့။ တာဝန်ရှိသူတွေကိုလည်း ပိုက်ဆံပေးရတာပေါ့။  ပိုက်ဆံလည်းကုန် သိက္ခာလည်းကျ ဒါပေမဲ့ မတတ်နိုင်ဘူးပေါ့နော်၊ အရင် ကိုဗစ် မဖြစ်ခင်တုန်းက အခြေအနေနဲ့တော့ တအားကွာတယ်၊ အဲဒီတုန်းက ထိုင်းအစိုးရကိုယ်တိုင် ကားစီစဉ်ပေးတာရှိတယ်၊ လမ်းခရီး အဆင်ပြေအောင် ထောက်ခံစာထုတ်ပေးတယ်၊ အလုပ်သမားတွေဆီ ငွေမညှစ်ဖို့ အမိန့်ထုတ်တယ်၊ အထွက်အဝင် ဗီဇာတုံးလည်း အလကားထုပေးတယ်၊ အိမ်ပြန်တဲ့သူတွေ သိန်းချီရှိတယ်၊ အခုတော့ မပြန်ကြတော့ဘူး ။” 

ပြစ်ဒဏ်ကျသူတွေ ပြန်ပို့ရေးအစီအစဉ်အဖြစ် မနက်ဖြန် ဧပြီ ၁၂ ရက်ကနေ ၁၇ ရက်အထိ ခေတ္တနားထားပါတယ်။

သင်္ကြန်ကာလ တာ့ခ်ခရိုင်ထဲမှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေး၊ ယာဉ်မတော်တဆထိခိုက်မှု ကာကွယ်ရေးအတွက် ဒေသန္တရအမိန့်တွေ တသီကြီးထုတ်ပြန်ထားကြောင်း၊ ဥပမာ နယ်မြေမှ ကျော်လွန်ထွက်ခွာခွင့်မရှိ ၊ သင်္ကြန်မှာရေပက်မကစားရ ၊ ဆိုင်ကယ်မစီးရ၊ အလုပ်သမားတွေ ကြို ပို့နေတဲ့ ဖယ်ရီကားတွေ၊ ဆောက်လုပ်ရေးကား၊ ရေသန့်တင်ကား၊ အမှိုက်ကားတွေ မမောင်းရ စသဖြင့်အမိန့်ထုတ်ထားတော့ အလုပ်သမားတွေကြားမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် တော်လှန်သင်္ကြန်ဆိုတာကို ကြံဖန်ပြီးလုပ်ဖို့ရှိနေတယ်လို့ ဦးမိုးကြိုးက ပြောပါတယ် ။ 

အမျိုးသား ၈၅ ဦးနဲ့ အမျိုးသမီး ၆၀ ဦးတို့ ပါဝင်တဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၁၄၅ ဦးကို ဆန္ဒအလျောက် နေရပ်ပြန်ရေး အစီအစဉ်အောက်မှာ သူတို့ရဲ့နေရင်းနိုင်ငံကို ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရေကြောင်းထိန်းသိမ်းရေးကွပ်ကဲမှုစင်တာ တိုင်းဒေသကြီး ၃ မှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနေရပ်ပြန်ပို့ရေး အခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ရနောင်းမြို့အခြေစိုက် မြန်မာလက်ထောက် အလုပ်သမားသံမှူး ရဲလင်းထက် အပါအဝင် နယ်မြေခံ အလုပ်သမားရေးရာနဲ့ လုံခြုံရေး အရာရှိတွေလည်း တက်ရောက်ခဲ့ပါတယ်။

အလုပ်အကိုင်ရှာဖွေဖို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄၅ ဦးကို ထိုင်းရဲက ဖမ်းဆီးထားခဲ့ပြီး သူတို့ကို ဥပဒေအရ အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ သူတို့ဆန္ဒအလျောက် နေရပ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကို  Ban Khao Nang Hong ဆိပ်ခံကို လိုက်ပါပို့ဆောင်ပေးခဲ့ပြီး  မြန်မာနိုင်ငံရဲ့ ဆိပ်ကမ်းတစ်ခုကို ဦးတည်နေတဲ့ စက်တပ်သုံး စက်လှေ ၁၀ စီးနဲ့ တင်ပေးလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013