Home
မြန်မာသတင်း
ပေါင်းတည်မြို့ရှိ အန်အယ်လ်ဒီအမတ်နေအိမ်အပါအဝင် အိမ် ၃ လုံးကို စစ်ကောင်စီက ချိပ်ပိတ်
DVB
·
April 9, 2022

ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ ဧပြီ ၉ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီပါတီရပ်ကျေးဥက္ကဋ္ဌနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတို့ရဲ့ နေအိမ် ၃ လုံးကို  စစ်ကောင်စီက ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

အုပ်ဖို ၂ ရပ်ကွက် မှတ်တိုင်လမ်းမှာရှိတဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးအေးမင်းအောင်(ခ)ကို မင်းမင်းနေအိမ်၊ ဟင်္သာကန်ရပ်ကွက်တာပွန်လမ်းက အန်အယ်လ်ဒီပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးကျော်ကျော်လွင်ရဲ့နေအိမ်နဲ့ ဇီးပင်လှအုပ်စုအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မျိုးနိုင်အိမ်တွေကို  ဒီနေ့တရက်တည်းမှာပဲ  ချိတ်ပိတ်သွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်၊ ရဲ  ၈ ယောက်၊  တရားသူကြီး အမျိုးသမီး ၂ ယောက်၊ အရပ်ဝတ် ၆ ယောက်တို့ လာဝိုင်းပြီး ချိပ်ပိတ်သွားတာလို့  ဟင်္သာကန်ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

အန်အယ်လ်ဒီပါတီရပ်ကျေး ဥက္ကဋ္ဌကိုကျော်လွင်က “အိမ်နဲ့ ခြံက ခယ်မပိုင်တာ အရင်ကတော့ ငါတို့မိသားစုပါအတူနေကြတာ၊ ငါ့ကိုလည်း ပထမတော့ (၅၀၅) ၀ရမ်းထုတ်ထားတာ တော့ကြားတယ်။ အဲ့ဒီအချိန်  ၂၀၂၁ ခု၊ မတ်လ ၂၄ ရက်နေ့ကတည်းက မိသားစုခေါ်ပြီး တိမ်းရှောင်နေရတာ အခုထိပဲ။ နောက်ထပ်ဘာပုဒ်မတွေ ထပ်ထုတ်မလဲမသိတော့ဘူး၊ ငါတို့မိသားစု ရှောင်ပြီး ငါ့ခယ်မလည်း သူကနှလုံးရောဂါသည်ဆိုတော့ သူလည်း မနေရဲတော့ဘူး။ အိမ်ကို ဒီအတိုင်းထားခဲ့တာကြာပြီ  ခယ်မ ရှောင်ပြီးကတည်းက ၆ ခါလောက် လာလာဝိုင်းကြတယ်။ မတွေ့တော့ အိမ်ကတံခါးတွေ၊ အထဲကပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးသွားကြတယ်။ အိမ်ကိုတခါးဖွင့်ပြီး ဒီအတိုင်းထားပြစ်ခဲ့ကြတယ်”လို့ ပြောပါတယ်။

နေအိမ်ချိတ်ပိတ်ခံရတဲ့ ဦးအေးမင်းအောင်ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲက ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အမတ်တဦးဖြစ်ပြီး  နွေဦးတော်လှန်ရေး အစောပိုင်းကတည်းက  ပုဒ်မ၅၀၅(က)နဲ့ တရားစွဲဆိုခံရကာ အမွေပြတ်စွန့်လွှတ် ခံထားရသူလည်း ဖြစ်ပါတယ်။

ပေါင်းတည်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၈ ရက်ကလည်း   ကျောင်းစုကျေးရွာက တက်ကြွလူပ်ရှားသူ ဦးညွှန့်လှိုင်ရဲ့ နေအိမ်က ပရိဘောဂပစ္စည်း ကျပ်သိန်း ၈၀ ဖိုးလောက်ကို စစ်အုပ်စုက ပိုင်ရှင်မသိပဲ ယူဆောင်သွားခဲ့ပြီး အိမ်ကိုပါဖျက်ဆီးသွားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024