
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်နဲ့ ရွာသစ်ကုန်းအကြားရှိ ရိုးအတွင်း အပျော်တမ်း လှေလှော်ထွက်သူ ၂ ယောက် လှေမှောက်ရာကနေ တယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်နဲ့ ရွာသစ်ကုန်းအကြား၊ ရွာသစ်ကုန်းတံတားအနီး ရိုးချောင်းအတွင်းမှာ ဩဂုတ် ၂၇ ရက် ည ၁၁ နာရီဝန်းကျင်က အမျိုးသား ၂ ယောက် လှေမှောက်ခဲ့တယ်လို့ ငါးသိုင်းချောင်းမြို့ခံတယောက်က ပြောပါတယ်။
"အရက်တွေ ဘာတွေ သောက်ထားပုံရပါတယ်။ လှေထွက်လှော်ကြတာ၊ လှေကလူးပြီး စောင်းသွားတော့ ရေထဲပြုတ်ကျကုန်ကြတာ။ သတင်းကြားလို့ သွားကြည့်တော့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်နေပြီ။ ညကတည်းက ရှာကြတာ၊ တယောက်တော့ ရလိုက်နိုင်တယ်။ တယောက်က ခုမနက်ထိ ပျောက်နေတုန်း၊ ရှာမတွေ့သေးဘူး။"
အခင်းဖြစ်နေရာကို ငါးသိုင်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ၊ ဒေသတွင်း ပရဟိတအဖွဲ့တွေနဲ့ ဒေသခံတွေ ညတွင်းချင်း ဝိုင်းဝန်းရှာဖွေခဲ့တဲ့အတွက် အမျိုးသားတယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါပေမဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတယောက်ကတော့ ရေစီးနဲ့ မျောပါ ပျောက်ဆုံးနေပြီး ဒီနေ့ မနက်အထိ မတွေ့သေးဘူးလို့ ဆိုပါတယ်။
Photo: ဒေသခံ











