DVB Logo
Home
မြန်မာသတင်း
ရခိုင်ရိုးမ စေတုတ္တရာမြို့နယ်ရှိ PDF တပ်စခန်းများကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်
DVB
·
April 7, 2022
ရခိုင်ရိုးမ စေတုတ္တရာမြို့နယ်ရှိ PDF တပ်စခန်းများကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်
Donate to DVB

ရခိုင်ရိုးမတောင်ပေါ် မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ထဲရှိ ဒေသခံ PDF တပ်စခန်းတွေကို ဧပြီ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က အပြင်းအထန်  ထိုးစစ်ဆင်နေပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်ဖွဲ့တွေ ဧပြီ ၆ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ကာ အလောင်းအများစုကို မကောက်နိုင်ဘဲ ထားခဲ့ရတယ်လို့ ဒေသခံ ကျေးရွာသားတယောက်ထံက သိရပါတယ်။

People Revolution Alliance (PRA-Magway) အဖွဲ့ တာဝန်ရှိသူယောက်က "သူတို့က ကျနော်တို့စခန်းနဲ့ ၁၀ မိုင်လောက်‌ဝေးတဲ့ နေရာမှာ စခန်းလာချနေတာ တပတ်လောက်ရှိပါပြီ။ တောင်ပေါ်မှာ ACDF၊ PRA(Magway)၊ Student Enforce စခန်းတွေ ရှိနေတာကိုလည်း သူတို့သိတယ်။ ကျနော်တို့မှာ အင်အားရှိတာကိုလည်း သူတို့သိနေတာ။ ဒါပေမဲ့ ရှေ့ကိုတိုးမလာဘဲ နေနေတာ အခု ဧပြီ ၅ ရက်နေ့မှာတော့ PRA စခန်းရှိတဲ့နေရာကို သူတို့ လက်နက်ကြီး၊ ရဟတ်ယာဉ်တွေနဲ့ စပစ်ခတ်ပြီး ‌မြေပြင်စစ်ကြောင်းတွေပါ စတက်လာကြတာ၊ ၆ ရက်နေ့မှာတော့ မနက် ၉ နာရီလောက်မှာ ကျနော်တို့က သူတို့ကို မိုင်းကွင်းထဲ ဆွဲခေါ်လာပြီး အပြန်အလှန် ပြစ်ခတ်မှုတွေ စတင်ခဲ့ပါတယ်။ ရန်သူစစ်ကောင်စီဘက်က ၆ ရက်နေ့တိုက်ပွဲမှာတော့ တိုက်လေယာဉ် ၃ စီး၊ ဂျက်တိုက်လေယာဉ်တစီး သုံးပြီး တပ်မ ၆၆၊ တပ်မ ၈၈ နဲ့ ငဖဲ ကပစ ၁၄ တပ်တွေအပြင် ရဲတပ်ဖွဲ့၊ ပျူအဖွဲ့ စုစုပေါင်း အင်အား ၆၀၀ ခန့်နဲ့ ပစ်ခတ်ခဲ့ပါတယ်။" လို့ ပြောပါတယ်။

တိုက်ပွဲမှာ PDF တွေ အသေးစား ထိခိုက်မှုတချို့ရှိပြီး စစ်ကောင်စီဘက်ကတော့ အလောင်း ၂၀ လောက်နဲ့ လက်နက်တချို့ ရခဲ့ပြီး ညနေပိုင်း ၄ နာရီကျော်မှာတော့ ရန်သူဘက်က ဆုတ်သွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ACDF (Asho Chin Defence Force) အဖွဲ့ တာဝန်ရှိသူက "ဧပြီ ၇ ရက်နေ့ တိုက်ပွဲကြောင့် သက္ကယ်ကျင်းကျေးရွာနဲ့ ရေဖြူတောင်ကျေးရွာက အိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ အတိအကျတော့ ကောက်ယူလို့ မရသေးပါဘူး။ ဒါပေမဲ့ စစ်ပြေးဒုက္ခသည်ကတော့ အိမ်ထောင်စု ၈၀ လောက် တောထဲကို တိမ်းရှောင်ထွက်ပြေးနေရတယ်။ ညနေဘက်မှာ တိုက်ပွဲရပ်သွားခဲ့ပေမဲ့ လက်နက်ကြီးတွေနဲ့ ရွာတွေကို လှမ်းပစ်တာတွေတော့ ဆက်လုပ်နေသေးတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ညဘက်မှာ တညလုံး လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ပစ်ခတ်ခဲ့ပြီး ဒီနေ့ ဧပြီ ၇ ရက် မနက် ၇ နာရီကျော်လောက်ကတည်းက သက္ကယ်ကျင်းကျေးရွာနဲ့ ရေဖြူကျေးရွာတွေဘက်မှာ ACDF နဲ့ တိုက်ပွဲစတင်ဖြစ်ပွားနေခဲ့ကာ ပထမရက်ကထက် ပိုပြီး စစ်သည်အင်အား တိုးချဲ့လာတယ်လို့ ဆိုပါတယ်။

PDF မဟာမိတ် ပူးပေါင်းအဖွဲ့တွေကလည်း စစ်ကောင်စီတပ်တွေ စခန်းချထားတဲ့နေရာ ၂ နေရာကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး တန်ပြန်ထိုးစစ်ဆင် တိုက်ပွဲဝင်နေကြပြီလို့ PRA(Magway) အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ထိခိုက် ကျဆုံး ဒဏ်ရာရတဲ့ သတင်းတွေ ထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013