DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း စစ်ကြောင်းထွက် စစ်ကောင်စီတပ်များကို ဆီးကြိုတိုက်ခိုက်နေဟု PDF ပြော
DVB
·
April 7, 2022
မကွေးတိုင်းအတွင်း စစ်ကြောင်းထွက် စစ်ကောင်စီတပ်များကို ဆီးကြိုတိုက်ခိုက်နေဟု PDF ပြော
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက မြိုင်ရဲစခန်း၊ ဗဟင်းရဲစခန်း၊ လင်းကတောရဲစခန်း၊ ကိုင်းတောမရဲစခန်းနဲ့ ကပစ ခေါ် စက်မှု ၂ တို့ကို PDF တွေက အဆက်မပြတ်စောင့်ကြည့်နေပြီး စခန်းတွေထဲက စစ်ကြောင်းထွက်လာတာနဲ့ ဆီးကြိုတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ မြိုင် PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

စစ်သားတွေဟာ ရဲစခန်းတွေ၊ ထွေအုပ်ရုံးတွေနဲ့ အစိုးရရုံးတွေမှာ စခန်းချလေ့ရှိတဲ့အတွက် PDF တွေက စောင့်ကြည့်နေပြီး စစ်ကြောင်းထွက်လာတာနဲ့ ပြည်သူကို ဒုက္ခမပေးနိုင်အောင် ဆီးကြိုတိုက်ခိုက်တာလို့ဆိုပါတယ်။ 

ဧပြီ ၄ ရက်၊ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ မြိုင်မြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှု အခြေအနေတွေကို အတိအကျမသိရသေးပါဘူး။ 

စစ်တပ်က မြိုင်မြို့နယ်အတွင်းက ရေနံမှော်တွေနဲ့ အနီးနားရွာတွေကို ငွေညှစ် အကြပ်ကိုင်တာတွေ ပြုလုပ်နေပြီး လိုချင်တာမရရင် မီးရှို့ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ မြိုင် PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

"ပွဲက တနေကုန်၊ ဟိုတနေ့ကလည်း တနေကုန်ပဲ။ ဗဟင်းရဲစခန်း၊ မြိုင်ရဲစခန်းပေါ့။ မြိုင်နယ်မှာတော့ အဓိကစခန်းကြီးနှစ်ခုပေါ့။ ပြီးတော့ လင်းကတောစခန်းနဲ့ ကိုင်းတောမစခန်းပေါ့။ ပြီးရင် ကပစ ခေါ် စက်မှု ၂ ပေါ့။ သူတို့ အဲ့ဒီက ထွက်တာနဲ့ကို ကျနော်တို့နဲ့တိုက်ပွဲဖြစ်တာပေါ့။ သူတို့ပတ်ပတ်လည် ကျနော်တို့ ဝိုင်းထားတာကိုး။ အခုလည်း ဒီကောင်တွေက ပုလဲဘက်ကနေ တက်လာတာဗျ။ ဗဟင်းမှာ တညအိပ်တယ် ပြီးတော့တောနင်းတယ်။ ဗဟင်းက ထွက်လာတဲ့ အချိန်တိုက်ပွဲဖြစ်တာပဲ။ စစ်ဘေးရှောင်တွေကတော့ များတယ်ဗျ။ ဗဟင်းကနေ မှော်တွေဘက်ကို ဦးတည်ထွက်လာတာကြောင့် အဲ့ဒီကလူတွေက အကုန်တိမ်းရှောင်နေရတယ်။ ဘယ်နေရာမဆို စစ်မြေပြင်လိုဖြစ်နေတော့ စစ်ဘေးရှောင်ပြည်သူတွေ တအားဒုက္ခများရတာပေါ့။ တိုက်ပွဲသတင်းအခြေအနေတွေ အတိအကျကတော့ မသိရသေးဘူး။ သူတို့က ရေနံမှော်တွေကို အဓိကလာတာ။ သူတို့က ရေနံမှော်တွေကနေ PDF တွေကို အဓိကထောက်ပံ့နေတယ်လို့ထင်တယ်။ နောက်တချက်က ငွေဖန်ချင်လို့ ဒီကောင်တွေလာတယ်။ အရင်တခါတုန်းကလည်း စစ်ကြောင်း ၃ ကြောင်းလာတယ်။ တကြောင်းက ပိုက်ဆံတောင်းတယ်။ နောက်တကြောင်းက မီးရှို့သွားတယ်။ နောက်ဆုံးတကြောင်းက ပြည်သူတွေရဲ့အိမ်တွေဆိုင်တွေထဲ ပစ်ခတ်ဝင်ရောက်ပြီး လုယက်သွားတယ်ပေါ့ဗျာ။ အခုလာတဲ့စစ်ကြောင်းကလည်း သူတို့ဦးတည်တဲ့ ရွာတွေက ချမ်းသာတဲ့ ရွာတွေဘက်ဖြစ်တဲ့အတွက် ပိုက်ဆံနဲ့ရိက္ခာလိုချင်လို့လာတယ်လို့ပဲ မြင်တယ်။ လောလောဆယ်ကတော့ သပြေညိုမှော်နားမှာ တိုက်ပွဲဖြစ်နေတယ်။"

အနောက်မြောက်တိုင်းစစ်ဒေသ စစ်ကိုင်း၊ ချင်းနဲ့ မကွေးတိုင်းတို့မှာ စစ်ဘေးရှောင်နေရတဲ့ပြည်သူ ၃ သိန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ 

လက်နက်ကိုင်တိုက်ပွဲတွေ များလာတာနဲ့အမျှ စစ်ဘေးရှောင်ပြည်သူအရေအတွက် ပိုများလာဖို့ရှိနေတယ်လို့လည်း UN က ခန့်မှန်းပါတယ်။ 

အနောက်မြောက်တိုင်းစစ်ဒေသမှာ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် လူနေအိမ်နဲ့ အရပ်သားပိုင်အဆောက်အအုံ ၇၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပါတယ်။ 

ဒေသတွင်း စစ်ဘေးရှောင်ပြည်သူတွေဟာ ကိုယ့်ကျေးရွာမှာ မလုံခြုံလို့ တခြားကျေးရွာတွေကို ပြောင်းရွှေ့နေထိုင်ကြပေမယ့် အဲ့ဒီကျေးရွာတွေကိုပါ စစ်ကြောင်းထိုးလာတဲ့အတွက် ဦးတည်ရာမဲ့ထွက်ပြေးနေရတယ်လို့ မကွေးတိုင်း၊ ဂန့်ဂေါဒေသခံတယောက်က ပြောပါတယ်။

"သူတို့က စစ်ကြောင်းကို ၂ ကြောင်းခွဲလိုက် ၃ ကြောင်းခွဲလိုက် အဲဒီလိုလုပ်နေတာဗျ။ မြစ်သာမြစ်ကို အရှေ့ဘက်ကူးလိုက် အနောက်ဘက် ကူးလိုက် လုပ်နေတာ။ စန်းမြို့ကတော့ အိမ်ခြေ ၁၉၄ လုံးရှိတာ အကုန်လုံးလောင်သွားပြီဗျ။ တလုံးမှ မကျန်ခဲ့ဘူးဗျ။ ကျနော်တို့ကလည်း အနီးနားရွာတွေကိုပြေး။ အနီးနားရွာတွေကလည်း စစ်ကြောင်းထိုးလာတော့ တောထဲကိုပြေး။ အဲဒီလိုမျိုးတွေ ဖြစ်နေကြတယ်ဗျ။ ဘာကြောင့် သူတို့လုပ်လဲဆိုတာကတော့ ရိုးရှင်းပါတယ်။ စစ်ကောင်စီကို ကျနော်တို့ဒေသက လုံးဝမထောက်ခံဘူးဆိုတာကို သိလို့ စစ်ကြောင်းတွေ တအားထိုးနေတယ်လို့ပဲ မြင်တယ်ဗျ။ အင်တာနက်လိုင်းက အစောကတည်းက ဖြတ်ထားတာဗျ။ အခုဖုန်းလိုင်းတွေဖြတ်တယ်။ ကျနော်တို့ကို နာရီပိုင်းလောက်ပဲ ဖွင့်ပေးတယ်။ ပြီးရင်ပြန်ပိတ်တယ်။ ဒါမျိုးတွေဖြစ်တယ်ဗျ။"

ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေက စစ်ဘေးရှောင်ပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ကြိုးစားနေပေမယ့် ဒေသတွင်းသွားလာခွင့်ကို စစ်ကောင်စီက တားမြစ်ကန့်သတ်ထားတဲ့အတွက် ပြည်သူတွေဟာ နိုင်ငံတကာအကူအညီတွေကို လက်ခံရယူနိုင်ဖို့ခက်ခဲနေပါတယ်။ 

စစ်ကောင်စီက အကြမ်းဖက်မီးရှို့တာတွေစလုပ်တုန်းက ကျေးရွာတွေအချင်းချင်း အကူအညီပေးခဲ့ကြပေမယ့် မီးရှို့ဖျက်ဆီးခံရတဲ့ရွာတွေများလာတဲ့အခါမှာ အချင်းချင်းလည်း အကူအညီမပေးနိုင်တော့ဘူးလို့ စစ်ကိုင်းဒေသခံ ပရဟိတသမားတွေက ပြောပါတယ်။ 

ဒေသခံ PDF တွေကလည်း အစပိုင်းမှာ ရိက္ခာနဲ့ဆေးဝါးအကူအညီပေးခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ရေးကုန်ကျစရိတ်တွေ များလာတဲ့အတွက် စစ်ဘေးသင့်ပြည်သူတွေကို ကူညီဖို့အင်အားမရှိတော့ဘူးလို့ ဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013