
ကင်ညာနိုင်ငံ၊ ဂီလ်ဂီလ်မြို့က အူတူမီရှီ မိန်းကလေးအထက်တန်းကျောင်းမှာ ကျောင်းသူ ၁၆ ယောက် သေဆုံးခဲ့ရတဲ့ ဘော်ဒါဆောင် မီးလောင်မှုနဲ့ပတ်သက်ပြီး ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့တယ်လို့ သံသယရှိတဲ့ ကျောင်းသူ ၈ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ကင်ညာရဲတပ်ဖွဲ့က မေ ၂၉ ရက်မှာ ပြောပါတယ်။
ဒီမီးလောင်မှုဟာ မေ ၂၈ ရက် မနက်အစောပိုင်းက ကျောင်းရဲ့ မီလင်းဝေသီရာ အိပ်ဆောင်မှာ ဖြစ်ပွားခဲ့တာပါ။
မီးလောင်မှုကြောင့် အပေါ်ထပ်က ၂ ထပ်ကုတင် အလုံး ၁၃၀ ကျော်ရှိတဲ့ အိပ်ခန်းတွေ အကုန်ပြာကျ သွားခဲ့ပြီး ကျောင်းသူ ၁၆ ယောက် သေဆုံးကာ ၇၉ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DCI) ရဲ့ ထုတ်ပြန်ချက်အရ ကျောင်းသူတွေ၊ ဆရာတွေကို မေးမြန်းတာတွေနဲ့ CCTV မှတ်တမ်းတွေကို အသေးစိတ် စစ်ဆေးခဲ့ပြီးနောက်မှာ ဒီမီးရှို့မှုကို ကြံစည်ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ ကျောင်းသူ ၈ ယောက်ကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သူတို့ကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဘာကြောင့် အခုလို လုပ်ရလဲဆိုတဲ့ အကြောင်းအရင်းကို သိရဖို့ ဆက်လက်စစ်ဆေးနေပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကနေရရှိတဲ့ ရုပ်အလောင်း ၁၆ ခုစလုံးကို ရင်ခွဲစစ်ဆေးဖို့နဲ့ ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ဖို့ နိုင်ဗာရှာဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားပါတယ်။
လတ်တလောမှာတော့ မှုခင်းအထောက်အထား ရှာဖွေရေးပညာရှင်တွေနဲ့ DNA ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က မီးစတင်လောင်တဲ့နေရာနဲ့ လျှပ်စစ်မီးလိုင်း အခြေအနေ တွေကို သေချာစစ်ဆေးနေပြီး သေဆုံးသူ မိသားစုတွေ တရားမျှတမှု ရရှိစေဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။
Source: Reuters










