DVB Logo
Home
မြန်မာသတင်း
PPST အဖွဲ့နှင့် နိုင်ငံရေး ရပ်တည်ချက်ချင်းမတူတော့ဟု ကေအန်ယူပြော
DVB
·
April 6, 2022
PPST အဖွဲ့နှင့် နိုင်ငံရေး ရပ်တည်ချက်ချင်းမတူတော့ဟု ကေအန်ယူပြော
Donate to DVB

PPST အဖွဲ့နဲ့ နိုင်ငံရေး ရပ်တည်ချက်ချင်း မတူတော့တဲ့အတွက်ကြောင့် နုတ်ထွက်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်မပြေတော့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ပြောပါတယ်။ 

ကေအန်ယူဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ကနေ နုတ်ထွက်ခွင့်ရဖို့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက တင်ပြထားပါတယ်။

ဒါပေမဲ့ PPST ဘက်က မေတ္တာရပ်ခံထားတာကြောင့် နုတ်ထွက်တာမလုပ်ဘဲ ကိုယ်စားလှယ်ဦးရေ အကန့်အသတ်နဲ့ စေလွှတ်ထားပါတယ်။

အခုအခါမှာတော့ ကေအန်ယူဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အန်စီအေအပစ်ရပ် ထိပ်သီးခေါင်းဆောင်တွေရဲ့   စတုတ္ထအကြိမ် ညီလာခံ(ဒုတိယပိုင်း)ကို တက်ရောက်ခဲ့တာ မရှိသလို ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်နားခဲ့တာပါ။

ကေအန်ယူအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို လုံးဝ လက်မခံတာကြောင့် အန်စီအေစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တခြားအဖွဲ့တွေနဲ့ ရပ်တည်ချက် မတူတော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် PPST ကနေ နုတ်ထွက်ခွင့်ရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်မပြေတော့ဘူးလို့ ကေအန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဒီဗွီဘီပြောပါတယ်။

“ကျနော်တို့ အဓိကရပ်တည်ချက်က စစ်အာဏာသိမ်းမှုကို လုံးဝ လက်မခံဘူး၊ စစ်ကောင်စီကို လုံးဝ အသိအမှတ်မပြုဘူးဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲရော၊ စကားထိုင်ပြောစရာရော တခုမှ မလိုဘူး။ ကျနော်တို့ခံယူချက်နဲ့ ကျနော်တို့ လုပ်သွားတာ။ ဒါပေမဲ့ တခြားအဖွဲ့တွေကျတော့ အဲဒီလို တသားတည်းမကျတဲ့အခါကျတော့ PPST ရှိထားတဲ့ အနေအထားနဲ့ ကျနော်တို့နဲ့ သိပ်မအပ်စပ်ဘူး။ နိုင်ငံရေးအခြေအနေကလည်း လုံးဝကွဲပြားသွားပြီဆိုတော့ ကျနော်တို့ ရပ်တည်ချက်က လုံးဝပြောင်းသွားပြီ။ ထွက်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျနော်တို့ အဲဒီအဝန်းအဝိုင်းထဲမှာ သိပ်အဆင်မပြေတော့ဘူး။”

PPST ကတော့ အပစ်ရပ် ထိပ်သီးခေါင်းဆောင်တွေရဲ့ စတုတ္ထအကြိမ် ညီလာခံမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက် တစ်ရပ် ရေးဆွဲအတည်ပြုထားပြီး အဲဒီအဆိုပြုချက်ကို NUG အစိုးရနဲ့ စစ်ကောင်စီ အပါအဝင် နိုင်ငံရေး အင်အားစု အားလုံးထံ တင်ပြသွားမယ်လို့ ဆိုထားပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကေအန်ယူအနေနဲ့ အရင်ကတည်းက စွဲကိုင်ထားတာဖြစ်ပေမဲ့ အာဏာသိမ်း စစ်ကောင်စီဟာ တရားဝင် အစိုးရမဟုတ်တာကြောင့် ဆွေးနွေးစရာမရှိသလို PPST က စစ်ကောင်စီနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ စီစဉ်တာကြောင့် သဘောထားကွဲလွဲနေပါတယ်။

ဒါနဲ့ပတ်သက်လို့ ကေအန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “နိုင်ငံရေးပြဿနာ နိုင်ငံရေးနဲ့ ဖြေရှင်းရမယ်ဆိုတာ ကျနော်တို့လည်း ကိုင်စွဲထားတာပဲလေ။ ဒါပေမဲ့ အဲဒီ အန်စီအေရဲ့ အလုပ် လုံးဝမဖြစ်တာကို ဘယ်သူနဲ့ သွားပြောရမှာလဲ။ စစ်ကောင်စီကလည်း အာဏာသိမ်းထားတယ်။ တရားမဝင်ဘူး။ ကျနော်တို့ကလည်း လက်မခံတဲ့အတွက် သူတို့နဲ့ သွားစကားပြောစရာ အကြောင်းမရှိဘူးလေ။ ဒီအချိန်ကာလမှာ ကျနော်တို့ တကယ် စကားပြောရမှာက Legitimacy (တရားဝင်မှု) တက်လာတဲ့ အစိုးရနဲ့မှ ပြောရမှာ။ ဒီအဖွဲ့နဲ့က ဘယ်လိုမှ အလုပ်မဖြစ်ဘူး။ သူတို့နဲ့ ကွဲပြားခြားနားတဲ့အချက်က အဲဒါပဲ။”လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကေအန်ယူဟာ နိုင်ငံရေး ရပ်တည်ချက်တူတဲ့ အမျိုးသားညီညွတ်အတိုင်ပင်ခံ ကောင်စီ (NUCC)မှာ ပူးပေါင်းဆောင်ရွက်နေသလို နိုင်ငံတဝန်းက စစ်အာဏာရှင် ဆန့်ကျင်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။

အန်စီအေအပစ်ရပ်အဖွဲ့တွေထဲမှာ ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းလုပ်ဆောင်နေပြီး  အပစ်ရပ် ထိပ်သီးခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်ခဲ့တာ မရှိသလို PPST ရဲ့ စုဖွဲ့မှုပုံစံအသစ်မှာ ပါဝင်ဖို့ ကမ်းလှမ်းချက်ကိုလည်း အကြောင်းပြန်တာ မရှိပါဘူး။

တဖက်မှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကလည်း PPST မှာ ပါဝင်နေမှု အဆင့်ကို လျှော့ချလိုက်တဲ့အတွက်  PPST အဖွဲ့မှာ အင်အားကြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမရှိတော့သလို ဒီအဖွဲ့ရဲ့  မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားမှုတွေဟာလည်း လက်တွေ့မှာအလုပ်မဖြစ်နိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013