DVB Logo
Home
မြန်မာသတင်း
အခွင့်အရေးချိုးဖောက်ခံ မြန်မာအလုပ်သမားများအတွက်စုံစမ်းရေးကော်မရှင်ဖွဲ့ရန် ILO ဆုံးဖြတ်
DVB
·
April 6, 2022
အခွင့်အရေးချိုးဖောက်ခံ မြန်မာအလုပ်သမားများအတွက်စုံစမ်းရေးကော်မရှင်ဖွဲ့ရန် ILO ဆုံးဖြတ်
Donate to DVB

မြန်မာနိုင်ငံအတွင်းက အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတဲ့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ဖွဲ့စည်းဖို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ 

ILO ရဲ့ ၃၄၄ ကြိမ်မြောက် အုပ်ချုပ်မှုအစည်းအဝေးကို မတ် ၁၄ ရက်မှ ၂၆ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံအတွင်း အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတဲ့အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ ILO က ဆုံးဖြတ်ချက် ချခဲ့တာပါ။

စစ်ကောင်စီဟာ မြန်မာပြည်တွင်း အလုပ်သမားအရေးနဲ့ ပတ်သက်တဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်နဲ့ အလုပ်သမားတွေကို အတင်းအဓမ္မစေခိုင်းမှုတို့ကို ကျူးလွန်ခဲ့တယ်လို့ ILO ရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြပါတယ်။

ဒီဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ILO ဟာ မဟုတ်မမှန်တဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာ့ပြည်တွင်း စီရင်ခွင့်ကို စွက်ဖက်တာလို့ ဧပြီ ၄ ရက်နေ့မှာ အပြင်းအထန် ကန့်ကွက်ကြောင်း စာထုတ်ခဲ့ပါတယ်။

ILO က အလုပ်သမားအရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့မယ့် သတင်းကို ပြည်တွင်းက အလုပ်သမားတွေကတော့ ကြိုဆိုနေကြပြီး မြေပြင်အထိ ကွင်းဆင်းစစ်ဆေးပေးဖို့ မျှော်လင့်နေကြပါတယ်။

စက်ရုံလုပ်သားတဦးက “ILO က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးမယ် ဆိုတာမျိုးက ဝမ်းသာစရာသတင်းပဲ။ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်ဆိုရင်တော့ ကျနော်တို့ အလုပ်သမားတွေအတွက် ကောင်းတာပေါ့။ ခုချိန်မှာက အများကြီး ဖိနှိပ်ခံနေရတယ်။ လိုတာထက်ပိုပြီး ဖိနှိပ်ခံနေရတယ်ဆိုတော့ အဆင်မပြေဘူး။ အလုပ်သမားတွေရဲ့ လူနေမှု အဆင့်အတန်းတွေ အခက်အခဲတွေကို အထဲထဲကို ဝင်ကြည့်ပေးပါလို့ပဲ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

ILO က ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးမယ်လို့ ဆိုပေမဲ့ စစ်ကောင်စီက နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပြည်တွင်းကို ဝင်ရောက်ခွင့်ပေးဖို့ မပေးဖို့ကတော့ မသေချာသေးပါဘူး။ တကယ်လို့ ILO ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ပြည်တွင်းကို ဝင်ရောက်ခွင့်ရမယ် ဆိုရင်တော့ ပွင့်လင်းမြင်သာမှုရှိရှိ အလုပ်လုပ်ဖို့နဲ့ အလုပ်သမားတွေဘက်က လက်တွေ့ကျကျနဲ့ မားမားမတ်မတ် ရပ်တည်ပေးမှ အလုပ်သမားတွေရဲ့ ယုံကြည်မှုကို ရနိုင်မယ်လို့ အထည်ချုပ်လုပ်သားတယောက်က ပြောပါတယ်။

“တော်တော်များများ အလုပ်သမားတွေက သူတို့အတွက်ဖွဲ့တဲ့ အဖွဲ့အစည်းဆိုတာ သိဖို့လိုတယ်။ သိမှသာလျှင် ဒီအဖွဲ့အစည်းက ငါတို့အတွက် အကျိုးဘယ်လောက်ရှိမလဲ၊ မတရားမှုတွေ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပေးမယ်ဆိုတာ သိမယ်။ ကျမတို့အများစု တွေ့ကြုံနေရတဲ့ အဖွဲ့အစည်းတွေက မတရားဘူးထင်ရင် ကျနော်၊ ကျမတို့ကို ဆက်သွယ်ပါဆိုပြီး ဖုန်းနံပါတ်တွေ ပေးထားပေမယ့် တကယ့်လက်တွေ့ကြတော့ အလုပ်သမားဘက်ကပဲ နစ်နာတာ။ သူတို့တွေက မျက်နှာကြီးရင် ကြီးသလို၊ ရာထူးကြီးရင် ကြီးသလို အဲ့ဒီလိုမျိုးပဲ ဖြေရှင်းပေးတာဆိုတော့ အဲ့ဒီလို အဖွဲ့အစည်းတွေနဲ့ပဲ အလုပ်သမားတွေက ကြုံလာရတာများတော့ ထပ်ပြီးတော့ အဖွဲ့အစည်းဆိုရင် သူတို့အတွက် အကောင်အထည် ဖော်ပေးနိုင်တဲ့ အဖွဲ့အစည်းဆိုတာ လက်တွေ့ပြနိုင်မှ သူတို့က ယုံကြည်လာကြလိမ့်မယ်။”

စစ်ကောင်စီက ILO ရဲ့ စွပ်စွဲချက်တွေဟာ မှားယွင်းကြောင်း ကန့်ကွက်စာ ထုတ်ထားပေမယ့် လက်တွေ့မြေပြင်မှာတော့ သပိတ်တွေမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကို လိုက်လံဖမ်းဆီးချုပ်နှောင်တာ၊ တရားစွဲတာတွေ ဆက်တိုက်ပြုလုပ်နေ ပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက စက်ရုံအလုပ်ရုံတွေဟာ ပုံမှန်မလည်ပတ်နိုင်တော့သလို စက်ရုံကို မှီခိုနေရတဲ့ လုပ်သားတွေဟာလည်း အလုပ်အကိုင် ရှားပါးပြီး စားဝတ်နေရေး အခက်အခဲ တွေ့နေကြရပါတယ်။

ပြည်တွင်းက အလုပ်သမားအဖွဲ့အစည်းတွေ၊ အလုပ်သမားတွေနဲ့ ILO က တိုက်ရိုက်ချိတ်ဆက်နိုင်မှ မြေပြင်အခြေအနေမှန်ကို သိနိုင်မယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတယောက်က သုံးသပ်ပါတယ်။

“ဖွဲ့စည်းတာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ပူးပေါင်းပါဝင်ဖို့ ဆိုတာကတော့ ကိုယ်တွေကို ခေါ်မယ်တော့ မထင်ဘူး။ သူတို့သိချင်တဲ့ Case တွေကို ကိုယ်ကပြတာမျိုးတို့ ပေးတာမျိုးတို့။ အခွင့်အရေး ချိုးဖောက်ခံရတဲ့ လုပ်သားတွေကို သူတို့တွေနဲ့ တွေ့ပေးတာမျိုး ဒါမျိုးတော့ လုပ်လို့ရမယ်။ ကိုယ်မျှော်လင့်ထားသလို ဘာမှဖြစ်မလာတော့ အရမ်းကြီးတော့ အားမကိုးတော့ဘူး။ အဖိနှိပ်ခံပြီးရင်း ခံနေရတာဆိုတော့ စိတ်ထဲမှာတော့ ခံပြင်းတယ်။”

ILO ရဲ့ မြန်မာနိုင်ငံအတွင်း အလုပ်သမားအရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ ဇွန်လလောက်မှာ စတင်အလုပ်လုပ်နိုင်ဖွယ် ရှိနေပါတယ်။ 

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်ကတည်းက ILO အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပေမဲ့ စစ်အာဏာရှင်လက်ထက် အဆက်ဆက်မှာ ILO ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်လို့ အရေးယူခံရတာတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။ 

စစ်ကောင်စီကတော့ အာဏာသိမ်းပြီးကတည်းက ILO ပြဋ္ဌာန်းချက်ဖြစ်တဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ကို ချိုးဖောက်ပြီး အလုပ်သမားအဖွဲ့ချုပ်တွေကို မတရားအသင်းကြေညာတာ၊ အလုပ်သမားအရေး လှုပ်ရှားနေတဲ့ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ တက်ကြွလူပ်ရှားသူတွေကို ဝရမ်းထုတ် ရှာဖွေဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013