
လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့တောင်းဆိုတဲ့ “Proof of life” ကမ်ပိန်းကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ ပါလီမန်ရှေ့မှာ မေလ ၁၇ ရက်က ကျင်းပခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ တွေ့ခွင့်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်းနဲ့ သက်ရှိထင်ရှားရှိကြောင်း ယုံကြည်ရတဲ့ အထောက်အထားတွေပြသပေးဖို့ စစ်အာဏာရှင်ကို ယူကေအစိုးရနဲ့ နိုင်ငံတကာက ဖိအားပေး တောင်းဆိုပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ NUG ယူကေရုံးကထုတ်ပြန်ထားပါတယ်။
ဒီလှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်း ၊ ယူကေနိုင်ငံ ဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင်နဲ့ ဒေါက်တာသက်ကိုကို၊ အလှမယ် မော်ဒယ် မေမြတ်နိုးတို့ အပါအဝင် ယူကေရောက် တိုင်းရင်းသားတွေနဲ့ တော်လှန်ရေးမိသားစုတွေ စုစုပေါင်း လူ ၄၀၀ ကျော် ခန့်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
ကင်မ်အဲရစ် ဦးဆောင်ပြုလုပ်နေတဲ့ ဒီလှုပ်ရှားမှုကို မြန်မာပြည်တွင်း တော်လှန်ရေး နယ်မြေတွေမှာရော နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားတဲ့ ပြည်သူတွေကပါ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ အဆက်မပြတ်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။











