DVB Logo
Home
မြန်မာသတင်း
ပုလဲအပါအဝင် မြို့နယ်အချို့တွင် ကျောင်းများဖွင့်နိုင်ရေး စီစဉ်နေဟု ဗိုလ်နဂါးပြော
DVB
·
April 5, 2022
ပုလဲအပါအဝင် မြို့နယ်အချို့တွင် ကျောင်းများဖွင့်နိုင်ရေး စီစဉ်နေဟု ဗိုလ်နဂါးပြော
Donate to DVB

၂၀၂၂ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့အနီးတဝိုက် မြို့နယ်တွေမှာ ငွေကျပ်သိန်း ၃၀၀ မတည်ပြီး ကလေးတွေ ပညာရေးအတွက် ကျောင်းတွေ စီစဉ်ပေးသွားမယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

မြောင်မြို့နယ်အတွင်း NUG က ဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာ ကျောင်းလာတက်တဲ့ ကလေး ၈၀ ရာခိုင်နှုန်းနီးပါး ရှိလာပြီး အောင်မြင်မှုတခု ရလာတယ်လို့ မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့က ပြောပါတယ်။  

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆရာ၊ ဆရာမအများစုက CDM ဝင်ခဲ့တာကြောင့် စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီက ကျောင်းတွေ မဖွင့်လှစ်ပေးနိုင်တော့ဘဲ ရပ်ဆိုင်းထားရတာပါ။ 

ဆရာ၊ ဆရာမတွေ CDM ဝင်ခဲ့သလို လုံခြုံရေးအခြေအနေအရ မိဘတွေက ကျောင်းမလွှတ်တာ၊ စီးပွားရေးနဲ့ စားဝတ်နေရေး ကျပ်တည်းလာတာ၊ ပြဋ္ဌာန်းစာအုပ်တွေနဲ့ သင်ထောက်ကူပစ္စည်းတွေ မရှိတာကြောင့် ၂၀၂၁ ခုနှစ် တနှစ်လုံးမှာ ကလေးတွေဟာ ပညာရေးနဲ့ ဝေးကွာခဲ့ရပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ၂၀၂၀ ပညာသင်နှစ်မှာလည်း ကျောင်းတွေကို ပိတ်ထားခဲ့ရပါတယ်။ 

စစ်ကောင်စီက သူတို့အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ကြောင်း ပြနိုင်ဖို့ နိုင်ငံတဝန်းက ကျောင်းတွေကို ဖိအားပေးပြီး ပြန်ဖွင့်ခိုင်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ လာမယ့် ပညာသင်နှစ်ကျရင်တော့ ပုလဲမြို့နယ်နဲ့အနီးတဝိုက် မြို့နယ်တွေမှာ ကျောင်းတွေ လက်လှမ်းမီသလောက် ပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေပြီး ငွေကျပ်သိန်း ၃၀၀ ကို ကနဦးအနေနဲ့ မတည်သွားမယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

“ကျနော်တို့အပေါ်မှာ သူတို့ဘာမှ အာဏာမသက်ရောက်နိုင်ဘူး၊ မလွှမ်းမိုးနိုင်ဘူး။ ပုလဲနယ်ထဲမှာ ၁၀ တန်း ဖြေဆိုနေတဲ့ကျောင်း လုံးဝမရှိပါဘူးဗျာ။ မြို့ပေါ်တော့ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ဆယ်ပုံတစ်ပုံတောင်ရှိမှာမဟုတ်ဘူး။ နယ်ဘက်တွေမှာ တက်တဲ့ကျောင်းသားကို မရှိပါဘူး။ သေချာတာကတော့ စစ်ကောင်စီက ဖွင့်တဲ့ကျောင်း ရှိကိုမရှိတာဗျ။ NUG က ကျေးရွာလေးတွေမှာ ဖွင့်တဲ့ကျောင်းတွေကတော့ ပြီးခဲ့တဲ့နှစ်မှာ နည်းနည်းတော့နည်းတယ်။ ဒါပေမဲ့ ပညာသင်နှစ်မှာတော့ ပညာရေးကို ကျနော်တို့ လုပ်ဖို့ရှိတယ်။ ကလေးတွေကို ပြည်သူပိုင် သခင်ပညာရေးနဲ့ ကျောင်းတွေ တိုးဖွင့်သွားဖို့။ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့တွဲပြီးတော့ လောလောဆယ် ဒီနားပတ်ဝန်းကျင်အတွက် လက်လှမ်းမီသလောက် မြို့နယ်တွေမှာ လောလောဆယ် ငွေကျပ်သိန်း ၃၀၀ မတည်ပေးပြီးတော့ လုပ်ပေးဖို့ရှိတယ်။”

စစ်ကောင်စီက စီစဉ်ကျင်းပနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ကျောင်းသား ကျောင်းသူ အများစုက စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့အတွက် ဖြေဆိုသူ အရေအတွက်ဟာ အရင်နှစ်တွေနဲ့ယှဉ်ရင် သုံးပုံတပုံလောက်သာ ရှိပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာလည်း စစ်ကောင်စီက ဖွင့်လှစ်တဲ့ကျောင်းတွေမှာ တက်ရောက်သူ လုံးဝ မရှိသလို ၁၀ တန်း စာမေးပွဲ ဝင်ဖြေတဲ့သူလည်း မရှိဘူးလို့ မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ဖွင့်လှစ်တဲ့ ကျောင်းတွေကတော့ ကျေးရွာတချို့မှာ အောင်မြင်နေပြီး ကျောင်းလာတက်တဲ့ ကလေးပမာဏဟာ ၈၀ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလပညာရေးစနစ်ကို ၂၀၂၁ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပေမဲ့ ဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် ကျောင်းလာတက်တဲ့သူ နည်းပါးခဲ့ပါတယ်။ လာမယ့် ပညာသင်နှစ်မှာတော့ ပိုကောင်းတဲ့အခြေအနေတွေကို ဖန်တီးနိုင်ဖို့ မျှော်လင့်တယ်လို့ မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့မှ မဟူရာခင်က  ပြောပါတယ်။

“ကျနော်တို့ မြောင်နယ်မှာ စစ်အုပ်ချုပ်မှုက နယ်မြေစိုးမိုးမှု လုံးဝမရဘူး။ ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်တာကြောင့် သူတို့နယ်မြေစိုးမိုးခွင့် ဘာမှမရတာ။ စစ်အုပ်ချုပ်ရေးက ဖွင့်တဲ့ကျောင်း လုံးဝမရှိဘူး။ ကျနော်တို့ ပညာရေးအနေနဲ့ NUG အစိုးရလက်အောက်ကနေပြီးတော့ ကြားကာလ ပညာရေးစနစ်တွေနဲ့ ကျောင်းတွေဖွင့်ဖို့ စီစဉ်နေတယ်။ တချို့ကျောင်းတွေလည်း ဖွင့်နေပါတယ်။ အခြေအနေ မငြိမ်သက်တာမျိုး ဖြစ်ရင်တော့ ကျောင်းတွေအကုန်လုံး ပိတ်ထားရတာကိုတော့ တွေ့ရတယ်။ လက်ရှိဖွင့်ထားတဲ့ ကျောင်းတွေ အခြေအနေကြည့်ရတာတော့ ကျောင်းသား ၈၀ ရာခိုင်နှုန်းလောက်က ကျောင်းတွေ ပြန်တက်ကြတယ်။ မူလတန်း၊ အလယ်တန်းကတော့ ၉၀ ရာခိုင်နှုန်းလောက် ပြန်တက်ကြတယ်။ ကျန်တဲ့သူတွေကတော့ ထွက်ပြေးကြရတာနဲ့ဘာနဲ့ မတက်နိုင်ဘူး။ တချို့တွေကကျတော့ စားဝတ်နေရေး အခက်အခဲကြောင့် မတက်ကြတော့တာ။ တချို့တွေကကျတော့ မိဘတွေက တအားကြောက်လို့ ကျောင်းမထားကြတာပါ။ လုံခြုံရေး အခက်အခဲကြောင့် အထက်တန်းကျောင်းတွေကို နေရာတိုင်း မဖွင့်ပေးနိုင်သေးပါဘူး။”

စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ၃၇ မြို့နယ်မှာ မြို့နယ်အများစုက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ကောင်းကောင်း အလုပ်မလုပ်နိုင်တာကြောင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍအားလုံးလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။

ဒေသတွင်းပြည်သူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ကောင်းကောင်း မရတော့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက အသေးစား ဆေးရုံနဲ့ ဆေးခန်းတွေ ဖွင့်လှစ်ပြီး အကူအညီပေးနေရပါတယ်။

CDM ဝင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကူအညီနဲ့ လုပ်ငန်းလည်ပတ်နိုင်ဖို့ ကြိုးစားနေပေမယ့် ဆေးဝါးနဲ့ ခေတ်မီကိရိယာတွေ လိုအပ်ချက်ကတော့ မြင့်မားနေတယ်လို့ ဒေသခံ PDF ခေါင်းဆောင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013