DVB Logo
Home
မြန်မာသတင်း
အာရှလမ်းမကြီးကို ဆက်ပိတ်ထားသဖြင့် အထူးသတိထားသွားလာရန် ကေအန်ယူ တိုက်တွန်း
DVB
·
April 5, 2022
အာရှလမ်းမကြီးကို ဆက်ပိတ်ထားသဖြင့် အထူးသတိထားသွားလာရန် ကေအန်ယူ တိုက်တွန်း
Donate to DVB

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအသုံးပြုခွင့် ယာယီပိတ်ထားတာကို တရားဝင် ပြန်လည် ရုပ်သိမ်းတာမရှိသေးတဲ့အတွက် ပြည်သူလူထုအနေနဲ့ အထူးသတိထား သွားလာကြဖို့ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)က  ထပ်မံတိုက်တွန်းလိုက်ပါတယ်။ 

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေလမ်းပိုင်း လမ်းအသုံးပြုမှုကို မတ်လ ၂၇ ရက်ကစပြီး ရပ်ဆိုင်းထားဖို့ ကေအန်ယူက ထုတ်ပြန်ထားတာပါ။

လမ်းအသုံးပြုမှု ရပ်ဆိုင်းလိုက်တာကြောင့် ပြည်သူလူထုရဲ့ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေးလိုအပ်ချက်တွေကို နားလည်ပေမဲ့ စစ်ကောင်စီက ပြည်သူလူထု လိုအပ်ချက်တွေကို ခုတုံးလုပ် အကာအကွယ်ယူပြီး အမြတ်ထုတ်နေတာကို ကာကွယ်နိုင်ဖို့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ကူညီဖို့ ကေအန်ယူ က မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီ သတင်းစာတွေမှာတော့ အာရှလမ်းမကြီးမှာ ပုံမှန်အတိုင်း သွားလာနေကြတယ်လို့ သတင်းထုတ်ထားတဲ့အတွက်  ခရီးသွားလာမှုတွေ ဆက်ရှိနေပြီး နှစ်ဘက်တိုက်ပွဲတွေအကြားမှာ ခရီးသွားကားတွေနဲ့ ကုန်တင်ယာဉ်တွေ ပစ်ခတ်မီးရှို့ခံရတာတွေလည်း  ပြီးခဲ့တဲ့ရက်ပိုင်းက ရှိခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးကတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက်ကြောင့် အာရှလမ်းမကြီး အသုံးပြုခွင့် ရပ်ဆိုင်းထားမှုကို တရားဝင်ပြန်လည် ရုပ်သိမ်းထားတာ မရှိသေးလို့ ပြည်သူလူထုအနေနဲ့ အထူးသတိထား သွားလာကြဖို့ ထပ်မံတိုက်တွန်းလိုက်တာပါ။

ကေအန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက  “ဒီအခြေအနေမှာတော့ သတိဝီရိယနဲ့ ရှိဖို့ပေါ့နော်။ သွားတဲ့အခါမှာပေါ့နော် လောလောဆယ်တော့ တရားဝင် ရုပ်သိမ်းထားတာ မရှိသေးဘူးလေ။ တရားဝင် စာနဲ့မရုပ်သိမ်းမချင်းကတော့ အခုအထိ အတည်ဖြစ်တယ်။ တခုပဲ ဖြစ်စေချင်တာကတော့ လူထုအနေနဲ့ သတိနဲ့ သွားလာကြဖို့ပဲ”လို့ ပြောပါတယ်။

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးမှာ ဧပြီ ၄ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့သလို ခရီးသည်တင်ကားအပါအဝင် ကုန်တင်ကား ၄ စီးထက်မနည်း မီးရှို့ဖျက်ဆီးခံရလိုက်ရပါတယ်။

မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ဖို့ ကေအန်ယူက မေတ္တာရပ်ခံထားပေမဲ့ စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းဌာနတွေက ပုံမှန်သွားလာလို့ရပြီဆိုတဲ့ သတင်းမှားကြောင့် အခုလို မီးရှို့ခံရတာလို့ ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။

အာရှလမ်းမကြီး တိုက်ပွဲကြောင့် ခရီးသည်တင်ကားအပါအဝင် ကုန်တင်ကား ရာနဲ့ချီ ထပ်မံ ပိတ်ဆို့နေတယ်လို့ ကုန်သည် တစ်ဦးက ပြောပါတယ်။

အာရှလမ်းမကြီးမှာ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတဲ့အတွက်ကြောင့်  မြဝတီကုန်သွယ်ရေးဇုန်မှာ ကုန်တင်ကား အစီး ၃၀၀ နီးပါး ပိတ်မိနေသလို မြဝတီ-ကော့ကရိတ် အာရှမကြီးမှာလည်း ကုန်တင်ကား ၂၀၀ ကျော် ပိတ်ဆို့နေတာပါ။

တချို့ယာဉ်ငယ်တွေကတော့ ထို့ကော်ကိုး-မဲ့ပလဲ့လမ်းပိုင်းကနေ ပြောင်းလဲ သွားလာနေတာ ဖြစ်ပါတယ်။ အာရှလမ်းမကြီး ကယက်ကြောင့် ကုန်ပစ္စည်းတချို့ ဈေးနှုန်း ပြန်လည် မြင့်တက်လာပြီးနောက် ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေတယ်လို့ ပွဲရုံလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

အာရှလမ်းမကြီး တိုက်ပွဲတွေကြောင့် ကုန်ပစ္စည်းဝင်ရောက်မှု သိသိသာသာ ကျဆင်းလာသလို လမ်းအသုံးပြုခွင့် ပိတ်ရက်ရှည်ရင်  ထိုင်းကုန်ပစ္စည်းဈေးနှုန်း အဆမတန် မြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ထိုင်း- မြန်မာ နှစ်နိုင်ငံဟာ မြဝတီကုန်သွယ်ရေးဇုန်ကနေ ကုန်ပစ္စည်းတွေကို အဓိက တင်သွင်းရောင်းချနေကြတာ ဖြစ်ပြီး အာရှလမ်းမကြီး ရပ်ဆိုင်းခံရတာနဲ့ တိုက်ပွဲတွေကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးအပေါ် သက်ရောက်မှု ကြီးမားနေတာပါ။

ထိုင်းနိုင်ငံဟာ မြဝတီကုန်သွယ်ရေးဇုန်ကနေ မြန်မာနိုင်ငံကို စားသောက်ကုန်၊ အထည်အလိပ်၊ အလှကုန်၊ စက်ယန္တရားအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေကို အဓိက တင်သွင်းနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ထိုင်းနိုင်ငံကို ပြောင်း၊ ဆန်ကွဲနဲ့ ရေထွက်ကုန်တွေကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013