DVB Logo
Home
မြန်မာသတင်း
လက်ရှိ မြန်မာနိုင်ငံသားဥပဒေကို ပယ်ဖျက်ပြီး၊ အသစ်ပြန်ရေးဆွဲမည်ဟု NUG ဝန်ကြီးပြော
DVB
·
April 5, 2022
လက်ရှိ မြန်မာနိုင်ငံသားဥပဒေကို ပယ်ဖျက်ပြီး၊ အသစ်ပြန်ရေးဆွဲမည်ဟု NUG ဝန်ကြီးပြော
Donate to DVB

လက်ရှိ မြန်မာနိုင်ငံသားဥပဒေကို ပယ်ဖျက်ပြီး၊ အသစ်ပြန်လည်ရေးဆွဲ သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊  တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောကြားလိုက်ပါတယ်။

လတ်တလောမှာ NUG ဝန်ကြီးတွေအပါအဝင်  ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ၊ စစ်အာဏာရှင်ဆန့်ကျင်သူ ထင်ရှားကျော်ကြားသူတွေကို စစ်ကောင်စီက နိုင်ငံသားအဖြစ်က ရုပ်သိမ်းနေတာနဲ့ ပတ်သက်ပြီး ဧပြီ ၄ ရက်က ထုတ်ပြန်ပြောကြားလိုက်တာပါ။ 

အကြမ်းဖက်စစ်အုပ်စုက NUG အစိုးရ အဖွဲ့ဝင်တွေနဲ့ ထင်ရှားကျော်ကြားတဲ့ မြန်မာ့ဒီမိုကရေစီ ဘက်တော်သားတွေကို ခြိမ်းခြောက်ဖို့ မြန်မာနိုင်ငံသားဥပဒေကို အလွဲသုံးစားပြုတဲ့အပေါ် ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ စစ်အုပ်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်တဲ့ NUG အစိုးရနဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ထင်ရှားကျော်ကြားတဲ့ ဝန်းရံသူတွေကို ခုလိုမျိုး ယုတ်ညံ့စွာ ဒဏ်ခတ်အရေးယူတာဟာ နိုင်ငံတကာ ဥပဒေတွေအရသော်လည်းကောင်း မြန်မာနိုင်ငံသား ဥပဒေအရသော်လည်းကောင်း အကျုံးမဝင်ဘူးလို့ ဖော်ပြပါတယ်။

“ကျွန်တော်နှင့် ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်များကို ယခုကဲ့သို့ အဓိပ္ပါယ်မဲ့ တိုက်ခိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏ စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက်သွားစေမည်ဟု စစ်အုပ်စုမှ တွေးထင်နေခြင်းသည် သာလျှင် ၎င်းတို့အနေဖြင့် မည်မျှထင်ယောင်ထင်မှား ဖြစ်နေသည်ကို သိသာစေပါသည်။ ၎င်းတို့တွေးထင်နေသလို မဖြစ်သည့်အပြင် မြန်မာနိုင်ငံတော်သစ်ကြီးဆီသို့ ငြိမ်းချမ်းမူနှင့် တရားမျှတမူ ယူဆောင်လာသည့်အခါ ကျွန်ုပ်တို့မှ စစ်အုပ်စုအဖွဲ့ဝင်များအား နိုင်ငံသားဖြစ်မူကို ရုပ်သိမ်းမည် မဟုတ်သော်လည်း၊ စစ်အုပ်စု ကျူးလွန်ခဲ့သမျှ စစ်ရာဇဝတ်မူများနှင့် ရက်စက်ယုတ်မာမူများအား ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်မည့် တရားစီရင်မှုကို ပြုလုပ်သွားမည် ဖြစ်သည်”လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက NUG အဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို နိုင်ငံရေးတိုက်ခိုက်နေတာဖြစ်ပြီး သူတို့ ကိုးကားတဲ့ နိုင်ငံသားဥပဒေပုဒ်မ ၁၆ နဲ့ ၁၇ လုပ်ပိုင်ခွင့်ဆိုတာ မြန်မာနိုင်ငံသားတစ်ဦးက တခြားနိုင်ငံတခုမှာ နိုင်ငံသားခံယူပြီး အခြေချနေထိုင်မှသာ အကျုံးဝင်မှာဖြစ်တယ်လို့ NUG တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က အဆိုတော်ကျားပေါက်၊ သရုပ်ဆောင် မင်းသား ဒေါင်း၊ စာရေးဆရာ သရဝဏ်-ပြည်နဲ့ ဦးကျော်မိုးထွန်းအပါအဝင်  ၁၇ ယောက်ကို မြန်မာနိုင်ငံသားအဖြစ်ကနေရပ်စဲခဲ့သလို  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ အိပန်ဆယ်လိုနဲ့  (NUG) ဝန်ကြီးတွေ အပါအဝင် ၁၁ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ပြီးခဲ့တဲ့  မတ်လ  ၄ ရက်ကကြေညာခဲ့တဲ့အတွက်  စုစုပေါင်း ၂၈ ဦးရှိသွားပြီ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်​ကောင်စီအဖွဲ့ဟာ အစိုးရမဟုတ်တဲ့အတွက် သူတို့ထုတ်ပြန်တဲ့ ‘နိုင်ငံသားဖြစ်မှုက ရပ်စဲခြင်း’ ဆိုတာ တရားမဝင်ဘူးလို့ ကြေညာခံထားရသူတွေက တုံ့ပြန်ထားပါတယ်။

ဓာတ်ပုံ-Ministry of Justice

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013