DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ် ကျေးရွာများကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက် လူနေအိမ်များ ပျက်စီး
DVB
·
April 5, 2022
ကရင်နီပြည်နယ် ကျေးရွာများကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက် လူနေအိမ်များ ပျက်စီး
1 / 2
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်အတွင်း ကျေးရွာတွေအတော်များများမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့်  လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရ သူတွေနဲ့ နေအိမ်တွေပျက်စီးတာရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ဧပြီ ၄ ရက် မနက်  ၄ နာရီလောက်က  ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ထီးဖိုးကလိုးကျေးရွာစု၊ ထီးသဲကလိုးနဲ့ ဒေါလျားခူ ကျေးရွာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့လို့  နေအိမ်တွေ ပျက်စီးခဲ့သလို  အိမ်မွေးတိရစ္ဆာန် တချို့ ထိခိုက်သေဆုံးခဲ့ရပါတယ်။

ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တဦးက  “ရမ်းသန်းပစ်ခတ်မှုကြောင့် လူနေအိမ်တလုံးပျက်စီး၊ ခွေးတကောင်သေ။ ဘုရားကယ်လို့သာ လူလေးယောက်အိပ်‌နေတဲ့ အခန်းမကျရောက်၊ နေ့တိုင်းညတိုင်း ဒီလက်နက်ကြီးသံတွေနဲ့ပဲ ဖြတ်သန်းနေရတယ်။ အများစုတော့ တောတောင်ထဲမှာ ရှောင်နေကြပေမဲ့ စားရေးသောက်ရေးငတ်ပြတ်မှုကြောင့် ရွာထဲမှာ အသက်နဲ့ရင်း၊ ပေတေခံနေပြီး ရရာအလုပ်တွေ ရှာဖွေလုပ်ကိုင်စားသောက်နေကြတဲ့သူတွေလည်း ရှိပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒီး​မော့ဆိုမြို့နယ်၊ ထူလွီးဘီလာရွာနဲ့  ဖရူဆိုမြို့နယ် ကဒါးလာ​ကျေးရွာအနီးတို့မှာလည်း စစ်ကောင်စီတပ်အင်အား ဖြည့်တင်းလာတဲ့အတွက် မနေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သုံးယောက်သေပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း  KNDF B-01 တပ်ဖွဲ့ဝင် ရဲဘော်တယောက် ကျဆုံးခဲ့ပါတယ်။

လွိုင်​ကော်မြို့၊ ​ဒေါဥခူရပ်ကွက် ၁၁ မှာ မနေ့က  စစ်ကေင်စီဘက်က ထောင်ထားတဲ့ မြေမြှုပ်မိုင်း​ ပေါက်ကွဲပြီး က​လေးနှစ်ယောက် ထိခိုက်ဒဏ်ရခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

ဧပြီ ၃ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်၊ ဒေါစဲကျေးရွာအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ လူနေအိမ်တချို့ ပျက်စီးခဲ့ရပါတယ်။

လက်နက်ကြီး ထိမှန်ခဲ့တဲ့ ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိဘဲ   စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာလို့  KNDFက ဆိုပါတယ်။

ဧပြီ ၁ ရက် မနက် ၁ နာရီလောက်ကလည်း  ဒီး​မော့ဆိုမြို့နယ်၊ ကွိုင်ငံရွာအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းအနီး လက်နက်ကြီး ကျ​ရောက်​ပေါက်ကွဲခဲ့ပြီး  အသက် ၄၀ ကျော်အမျိုးသား တယောက် ဒဏ်ရာ အပြင်းအထန်ရခဲ့ပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့်  ဒေသခံရွာသားတွေ ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ရှိပါတယ်။ 

စစ်တပ်အာဏာသိမ်းတဲ့  ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၂ ခု မတ် ၃၁ ရက်အထိ ကရင်နီ(ကယား)ပြည်နယ်တွင်းတိုက်ပွဲကြောင့် ကျဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ အသီးသီးက တပ်သားပေါင်း  ၁၀၁ ဦး ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013