DVB Logo
Home
မြန်မာသတင်း
မတ်လအတွင်း သတင်းထောက် ၈ ဦး ထောင်ဒဏ်ချမှတ်ခံရ
DVB
·
April 4, 2022
မတ်လအတွင်း သတင်းထောက် ၈ ဦး ထောင်ဒဏ်ချမှတ်ခံရ
Donate to DVB

မြန်မာပြည်တွင်းမှာ သတင်းထောက်တွေကို   စစ်ကောင်စီက ဖမ်းဆီးပြီး  ထောင်ဒဏ် ချမှတ်တာတွေကို ပြီးခဲ့တဲ့ မတ်လအတွင်း ခပ်စိပ်စိပ်လုပ်လာနေရာမှာ မတ်လ တလတည်းမှာပဲ ထောင်ဒဏ်ချမှတ်ခံရတဲ့ သတင်းထောက်အနည်းဆုံး ၈ ဦးအထိရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ဖမ်းဆီးခဲ့ရတဲ့ သတင်းထောက် ၇ ယောက်နဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် ၁ ယောက်ကို  ထောင်ဒဏ်တွေအသီးသီးချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆို အမိန့်ချခံရသူများဖြစ်ကြတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးနဲ့ ကိုဇော်ဝင်းမောင်တို့ကို ထောင်ဒဏ် တစ်နှစ်ခွဲ၊ သံတော်ဆင့်ဂျာနယ်မှ သတင်းထောက် ကိုရဲရင့်ထွန်း၊ ကမာရွတ်မီဒီယာတွဲ ဖက်တည်ထောင်သူ ဦးဟံသာညိန်း၊ Mizzima သတင်းဌာနမှ အယ်ဒီတာ ကိုသန်းထိုက်အောင်နဲ့ Mandalay Free Press သတင်းဌာနမှ ဗီဒီယိုအယ်ဒီတာ ကိုအောင်ဇော်ဇော်  တို့ကို ထောင်ဒဏ် ၂ နှစ်စီနဲ့  အလွတ်တန်းသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသားကို ၃ နှစ်ချမှတ်ခဲ့ပါတယ်။ 

ဒါ့ပြင် Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက  ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရာကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၂၄ (ဂ)နဲ့ နောက်ထပ် ထောင်ဒဏ် ၈ နှစ် ၃ လ ထပ်တိုး အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၂၄ (ဂ)ဆိုတာကတော့ နိုင်ငံတော် တည်ငြိမ်စေရေးကို တပ်မတော်နှင့် တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်နေတဲ့အဖွဲ့အစည်းများက ထိန်းသိမ်းနေစဉ် ပျက်ပြားစေရန် တားဆီးခြင်း၊ နှောင့်ယှက်ခြင်းလို့ အာဏာသိမ်းစစ်ကောင်စီ တက်လာပြီးနောက် ပြင်ဆင်လိုက်တဲ့ ဥပဒေထဲမှာ ဖော်ပြထားပါတယ်။ အဲဒီဥပဒေအရ ငွေဒဏ်အပြင် ထောင်ဒဏ် ၁၀ နှစ်မှ  အနှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်စစ်ကောင်စီက သတင်းထောက်တွေကို အကြမ်းဖက် ဖမ်းဆီးတာ၊ သတင်းထောက်ဟောင်းတွေကို စောင့်ကြည့်ဖမ်းဆီးတာတွေအပြင်၊ ဖမ်းဆီးခံရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ သတင်းထောက်တွေကိုပါ ထပ်မံဖမ်းဆီးနေပါတယ်။ 

ဒီဗွီဘီက စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အနည်းဆုံး သတင်းထောက် ၁၃၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဆက်လက်ထိန်းသိမ်းခံထားရဆဲ သတင်းထောက် ၅၄ ဦးရှိကာ အဲဒီထဲက ၁၇ ဦးဟာ စစ်ကောင်စီရဲ့ အထူးတရားရုံးတွေကနေ ထောင်ဒဏ်ချမှတ်ထားခံထားရသူတွေ ဖြစ်ကြပါတယ်။ 

ပြီးခဲ့တဲ့နှစ်က သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ)ရဲ့ အချက်အလက်တွေအရ  မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာမှာ သတင်းထောက်တွေကို ထောင်ချတဲ့ ဒုတိယအဆိုးဆုံးနိုင်ငံ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Ella Zhang

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013