DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ပွဲအတွက် နာမည်ကြီးဟိုတယ်၊ ဘားနှင့် အပန်းဖြေနေရာအများစု အပြိုင်အဆိုင် ကြော်ငြာနေ
DVB
·
April 4, 2022
သင်္ကြန်ပွဲအတွက် နာမည်ကြီးဟိုတယ်၊ ဘားနှင့် အပန်းဖြေနေရာအများစု အပြိုင်အဆိုင် ကြော်ငြာနေ
Donate to DVB

အကြမ်းဖက် စစ်ကောင်စီက ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ပြည်သူတွေ သပိတ်မှောက်ကြဖို့ တိုက်တွန်းနှိုးဆော်နေချိန်မှာပဲ မြန်မာပြည်တွင်းက နာမည်ကြီး ဟိုတယ်တွေ၊ ဘားတွေ၊ အပျော်စီးသ‌င်္ဘောတွေ၊ အပန်းဖြေနေရာတွေ၊ အများစုကတော့ သက်ဆိုင်ရာနေရာတွေမှာ သီးသန့်သင်္ကြန်ပွဲ ဆင်နွှဲနိုင်ဖို့ အပြိုင်အဆိုင် ကြော်ငြာနေကြပါတယ်။

ရန်ကုန်မြို့က နာမည်ကျော် ချက်ထရီယမ်ဟိုတယ်ကတော့ သင်္ကြန်ပက်ကေ့ချ်အစီအစဉ်အဖြစ် တညကို အမေရိကန်ဒေါ်လာ ၁၂၉ ဒေါ်လာကစတင်ပြီးတော့ ရောင်းချနေသလို ကမ္ဘာအေးဘုရားလမ်းပေါ်က မယ်လီယာဟိုတယ်မှာလည်း TAGU RELAXING အမည်နဲ့ ပွဲတော်အထိမ်းအမှတ် ဖိတ်ခေါ်ကြော်ငြာနေတာပါ။

ဒါ့အပြင် ပန်ပစိဖိတ်ဟိုတယ်ကလည်း သင်္ကြန်အတွက် တခန်းကို အမေရိကန်ဒေါ်လာ ၈၇ ဒေါ်လာကနေစပြီး ရောင်းချနေပြီး ဘားတွေအများစုကလည်း သင်္ကြန်ကာလ အထူးအစီအစဉ်တွေနဲ့ အပြိုင်အဆိုင် ဆွဲဆောင်နေကြတာကို တွေ့ရပါတယ်။

ဒါ့အပြင် ငပလီ၊ ချောင်းသာ၊ ငွေဆောင်စတဲ့ ကမ်းခြေဟိုတယ်တွေအပါအဝင် မြစ်တွင်းစီး အပျော်စီးရေယာဉ်တွေကလည်း သင်္ကြန်ကာလအတွက် လာရောက်ဆင်နွှဲကြဖို့ အပြိုင်အဆိုင် ကြော်ငြာထားကြတယ်။

Amata Cruises ကတော့ သင်္ကြန်ပိတ်ရက်ကာလအတွင်း ဧရာဝတီမြစ်တွင်း အပျော်စီးရေယာဉ်နဲ့ မန္တလေး၊ ပုဂံ၊ မင်းကွန်း၊ အင်းဝ စတဲ့ ခရီးစဉ်တွေအတွက် ကြော်ငြာထားတာတာကို တွေ့ရပါတယ်။

ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် လုပ်ငန်းတွေ ရပ်နားထားရတဲ့ ခရီးသွားလုပ်ငန်းရှင် အမျိုးသမီးတယောက်ကတော့ “ခုကာလကတော့လေ။ အပျော်အပါးမက်တဲ့ အတေးအမှတ်မရှိတဲ့ မြန်မာလူမျိုးတွေပါလားဆိုတဲ့ အဆိုးမြင်စိတ်ကို ကျမ တော်တော်ဖယ်ထားရတယ်။ ဒီကောင်တွေက ဒီလောက်ထိ ဖိနှိပ်ထားပြီး ဘာမှမဖြစ်သယောင် ပွဲတော်တွေ ကျင်းပမယ်၊ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်ဆိုတဲ့ ဆိုက်ဝါးထဲ ကျမတို့ အလိုလို ပါနေပါလားဆိုတာ မသိနိုင်အောင် ဖြစ်နေကြပြီလား၊ ခုတနှစ်မဟုတ်ဘူး၊ တော်လှန်ရေးမအောင်မချင်း ဘယ်လိုပျော်ပွဲရွှင်ပွဲတွေမှ မပါဘူးဆိုတဲ့ စိတ်ကလေး မထားနိုင်ကြတော့ဘူးလားပေါ့။ ကျမ တို့ ကျမတို့နိုင်မှာပါ။ ကျမတို့ထဲ ဒီအချိန်ထိ အသိတရားရှိရှိနဲ့ ဆက်ပြီးတော့ ဖက်ဆစ်စစ်တပ်နဲ့ အာဏာရှင်စနစ်ကို မောင်းထုတ်နေကြတဲ့ ပြည်သူတွေ ရှိနေပါသေးလားဆိုတဲ့ စိတ်နဲ့ အသက်ရှင်သန်ရတယ်။ ဒါပေမဲ့ ခုသင်္ကြန်ကာလကို ကမ်းခြေဟိုတယ်တွေမှာ ဘိုကင်အပြည့်၊ ခရီးသွားကြဖို့ ပြင်ကြဆင်ကြသူတွေလည်း တွေ့နေရတာပဲ။ ဒါငြင်းလို့မရဘူး။ ဟိုတယ်တွေ၊ ဘားတွေမှာ သီးခြား ကြော်ငြာနေတာတွေလည်း အများကြီးတွေ့ရတယ်။ သူတို့ ဘယ်လောက်ကြော်ငြာ ကြော်ငြာ Customer မရှိရင် ဘာမှ ဆက်လုပ်လို့မရဘူးလေ။ Customer ရှိလို့သာ ခုလိုဖြစ်လာတာပဲ။ တော်လှန်ရေး ဘယ်တော့ပြီးမှာလဲ မမေးနဲ့။ ကလေးတွေ Gen Z တွေ ပြောသလို ရှင်တို့ပါတဲ့နေ့ ပြီးမှာပေါ့လို့ ပြောနေရတာပဲ”လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် သင်္ကြန်ကာလမှာ ပါဝင်ဆင်နွှဲခြင်းမပြုကြဖို့ မြန်မာ့နွေဦးတော်လှန်ရေးမှာ စွမ်းစွမ်းတမံ ပါဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အသီးသီးက တိုက်တွန်းထားတာတွေ ရှိနေသလို ဒီကာလမှာ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံလာရမယ်ဆိုတာလည်း မသိနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ရန်ကုန်မြို့က လူငယ်တယောက်ဖြစ်တဲ့ ကိုလင်းခန့်ကတော့ “ဒါက ဘယ်သူ့မှာ ဘယ်လောက် အသိတရားရှိသလဲ သိကြရတဲ့ပွဲပဲ။ ခုချိန်က ဘယ်လိုအချိန်လဲဆိုတာ အသိတရားရှိကြရမယ်။ ရှေ့တန်းက မပါဝင်နိုင်ရင်တောင် အိမ်ထဲကနေ ဆက်ပြီးတော့ တော်လှန်နေကြရမယ်။ သင်္ကြန်ပွဲတော်ဆိုတာ မြန်မာမှာ လူကြီးလူငယ်မရွေး၊ တိုင်းရင်းသားတွေရော နိုင်ငံခြားသားတွေပါ အသိအမှတ်ပြုကြရတဲ့ အထင်ကရ ပွဲတော်တခုပဲလေ။ လူတိုင်းပျော်ချင်တယ်။ ဆင်နွှဲချင်တယ်။ ခုကာလက ပျော်နေကြရမယ့်အချိန်လား။ ကျနော်တို့အားလုံးပျော်ရမယ့်အချိန်တွေ မကြာတော့ပါဘူးဗျာ။ ခဏလေးစောင့်ကြရအောင်ပါ။ အပျော်လွန်လို့ ခုချိန်ဂန့်လည်း အားလုံးက ချီးယားစ်လုပ်ပေးလိုက်ကြမှာ”လို့ ပြောပါတယ်။

လတ်တလောမှာတော့ နိုင်ငံအနှံ့ ဒေသအသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန်မှုတွေ မအောင်မြင်စေဖို့ သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ သင်္ကြန်ကာလအတွင်း မဏ္ဍပ်တွေကို သွားရောက် လည်ပတ်တာ၊ KTV နဲ့ Private Club တွေမှာ စုစည်းပြီး ပျော်ပွဲရွှင်ပွဲများ ပြုလုပ်တာ၊ လူစည်ကားရာ နေရာတွေကို သွားရောက် ရေဆော့ကစားတာတွေ မလုပ်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013