DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည် စစ်မက်များ ပြီးမြောက်အောင်မြင်စေရန် NUG ဆုတောင်းသဝဏ်လွှာပို့
DVB
·
April 1, 2022
ကရင်နီပြည် စစ်မက်များ ပြီးမြောက်အောင်မြင်စေရန် NUG ဆုတောင်းသဝဏ်လွှာပို့
Donate to DVB

ကရင်နီပြည်နယ်မှာ စစ်မက်တွေ အောင်မြင်ပြီးမြောက်ကာ ဘေးလွတ်လုံခြုံမှုတွေ လျင်မြန်စွာရရှိ နိုင်စေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆုတောင်းသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

ဧပြီ ၁ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ကရင်နီလူမျိုးတွေအပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံ သူနိုင်ငံသားအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာလုံခြုံကြပါစေကြောင်းလည်း ဆုမွန်ကောင်း တောင်းပေးထားတာပါ။

ကရင်နီလူမျိုးတွေဟာ ခရစ်တော်မပေါ်မီ ဘီစီ ၇၃၉ ခုနှစ်မှာ ဒီကနေ့ခေတ် မွန်ဂိုလီးယားနိုင်ငံ၊ ဂိုဘီ သဲကန္တာရလို့ ခေါ်တွင်ရာနေရာဒေသကနေ တောင်ဘက် ရေကြည်ရာ မြက်နုရာအရပ်ဒေသဆီ တဖြေးဖြေး ရွှေ့ပြောင်းလာခဲ့ပြီး၊လက်ရှိ ကရင်နီပြည်၊ ဒီးမောဆိုဒေသဆီရောက်ရှိလာကာ ကရင်နီပြည်ကိုတည်ထောင် နေထိုင်ခဲ့ကြတယ်လို့ ယုံကြည်ကြပြီး မူလနေထိုင်ရာ ဂိုဘီသဲကန္တာရက စတင်ထွက်ခွာလာခဲ့တဲ့နှစ်ကို အစွဲပြုရေတွက်တဲ့ ကရင်နီသက္ကရာဇ်ဟာ ၂၇၆၁ ခုနှစ်မြောက်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

၁၉၅၂ ခုနှစ်မှာတော့ ကရင်နီလ လဲဟျာ (၁) ရက်နေ့ကို ကရင်နီတစ်မျိုးသားလုံးရဲ့ နှစ်သစ်ကူးနေ့ရက်အဖြစ် သတ်မှတ်ခဲ့ကြပြီး၊ အဲဒီနေ့မှာ စကြဝဠာ၊ ကမ္ဘာလောကနဲ့ လူသားကို ဖန်ဆင်းအုပ်စိုးတဲ့ဘုရား (ကရင်နီ ဘာသာစကားနဲ့ ဘျာစယ်ဒုဖီးသူးလုမိုး) ရဲ့ ဂုဏ်ကျေးဇူးကို သတိရအောက်မေ့ကာ ကျေးဇူးတော်ချီးမွှမ်းခြင်းနဲ့ လာမယ့်နှစ်အတွက် ဆက်လက်စောင့်ရှောက်ကူညီပေးဖို့ ဆုတောင်းတာတွေကို ပြုလုပ်လေ့ရှိကြ ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ကရင်နီပြည်နယ်တခုလုံး စစ်တလင်းပြင်လို ဖြစ်နေရပြီး၊ ပြည်နယ်တွင်းက လူဦးရေ ၁ သိန်းနီးပါးဟာ ပြည်တွင်းနဲ့  ထိုင်းနိုင်ငံဘက်ကို နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် ဘာသာရေးအဆောက်အဦတွေနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

Data for Myanmar အဖွဲ့က ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ မတ် ၁၅ ရက်အထိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှု အစဉ်လိုက်စာရင်းမှာတော့ စစ်ကိုင်းတိုင်း ဒေသကြီးက ၄,၄၂၆ လုံးနဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာ မကွေးတိုင်းက ၁,၁၄၈ လုံး၊ ချင်းပြည်နယ်က ၁,၁၂၁ လုံး၊ ကယားပြည်နယ်က ၃၅၇ လုံးစီနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်နေပါတယ်။

လအလိုက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း လူနေအိမ်ပေါင်း ၂,၈၈၂ လုံးကို ဖျက်ဆီးခဲ့ကြပြီး ဇန်နဝါရီလမှာတော့ ၁,၀၅၉ လုံး၊ အဲဒီအရင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ၉၆၁ လုံးကို မီးရှို့ဖျက်ဆီးမှု အများဆုံး ကျူးလွန်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် အခုမတ်လထဲမှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြည်သူ့အိုးအိမ် ၁,၁၂၁ လုံးအထိ ရှိလာနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၂၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၀၄၀ ထိ ရှိလာခဲ့ပြီလို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013