DVB Logo
Home
မြန်မာသတင်း
မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီး ၂ ဦး သတ်သေ
DVB
·
March 31, 2022
မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီး ၂ ဦး သတ်သေ
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျော်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီး ၂ ယောက်  မတ် ၂၇ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ အဆုံးစီရင်သွားတယ်လို့ မင်းကင်းဒေသခံ PDF တဦးက အတည်ပြု ပြောပါတယ်။

မင်းကင်းမြို့နယ်၊ ကျော်ရွာကို စစ်ကောင်စီတပ်သားတွေက စိုးမိုးထားပြီး အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ အမျိုးသားတွေကို ဖမ်းဆီးနှိပ်စက် ပစ်ခတ်သတ်ဖြတ်တာတွေအပြင် ရွာသားတွေကို ရွာပြင်ထွက်ခွင့်မပေးတဲ့အတွက် အနီးနားရွာတွေနဲ့ ဆက်သွယ်ဖို့တောင် အခက်အခဲ ရှိနေပါတယ်။

ကျော်ရွာမှာ သတ်သေခဲ့တဲ့ အမျိုးသမီး ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မင်းကင်းဒေသခံ PDF တဦးက ဆိုပါတယ်။

“အမျိုးသမီး ၂ ယောက် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရလို့ အဆုံးစီရင်သွားတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကစပြီး သူတို့ အင်အားသုံး ဝင်လာတယ်။ ရွာက ထွက်ခွင့်ကလည်း မရဘူး။ ဒီလိုပဲဖြစ်နေတော့ သူတို့ အဆုံးစီရင်သွားတယ်လို့ ကြားသိရတယ်။ အရွယ်တွေကတော့ ၃၀ ကျော် ၃၅ အောက်တွေပေါ့။ ၂ ယောက်ကတော့ အတည်ပြုလို့ရတယ်။ တယောက်ကတော့ အတည်ပြုလို့ မရသေးဘူး။ သူတို့က တရွာလုံးကို စိုးမိုးထားတယ်။ ရွာထဲကနေ ရွာပြင်ထွက်တဲ့သူတောင် ပစ်သတ်နေတဲ့ အနေအထား ဖြစ်တယ်။ ပတ်ဝန်းကျင်ရွာတွေနဲ့ ဆက်သွယ်ဖို့ဆိုတာ တော်တော်ခဲယဉ်းတယ်။ လူသတ်တယ်၊ အလောင်းဖျောက်တယ်၊ အဲလိုပုံစံမျိုး ဖြစ်နေတာဆိုတော့။ အမျိုးသမီး ၂ ယောက်ကတော့ ၂၇ ရက်နေ့က သတ်သေသွားတာဗျ။ သူတို့ ရက်စက်ယုတ်မာမှုတွေကို ရရင်ရသလို တွန်းလှန်သွားဖို့ ကြိုးစားနေပါတယ်။”

အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စစ်ကောင်စီတပ်တွေဘက်ကိုတော့ မေးမြန်းလို့ မရသေးပါဘူး။ 

မင်းကင်းနယ် တောင်တွင်းချောင်ဒေသမှာ ကျေးရွာပေါင်း ၃၆ ရွာရှိပြီး စစ်အုပ်စုဟာ ကျော်ရွာ၊ မြို့မ၊ ကုလားဆိုက်နဲ့ ကြာပင်ရွာဆိုတဲ့ ရွာလေးရွာမှာ အင်အား ၃၀၀ ကျော်နဲ့ ဖြန့်ခွဲ တပ်စွဲထားပြီး ဒေသတွင်း မွှေနှောက် သောင်းကျန်းနေတာ ဖြစ်ပါတယ်။

အဲဒီဒေသဟာ ယာကြီး-ကလေးဝ လမ်းဖောက်လုပ်တဲ့ အိန္ဒိယကုမ္ပဏီတခုရဲ့ လုပ်ငန်းဆိုက် တည်ရှိရာနေရာ ဖြစ်ပါတယ်။

မင်းကင်းနယ် တောင်တွင်းချောင်ဒေသမှာ စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းအုပ်စုနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013