DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဩဇာခံ လူကယ်ပြန်ဌာနအရာရှိ ၁၀၀ ကျော်ကို ပြည်သူ့သစ္စာဖောက်အဖြစ်သတ်မှတ် အမည်ပျက်စာရင်းသွင်း
DVB
·
March 31, 2022
စစ်ကောင်စီဩဇာခံ လူကယ်ပြန်ဌာနအရာရှိ ၁၀၀ ကျော်ကို ပြည်သူ့သစ္စာဖောက်အဖြစ်သတ်မှတ် အမည်ပျက်စာရင်းသွင်း
Donate to DVB

အကြမ်းဖက် စစ်ကောင်စီဩဇာခံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ အမြဲတန်းအတွင်းဝန်၊ ဒုတိယအမြဲတန်းအတွင်းဝန်တွေ အပါအဝင် အရာထမ်း ၁၀၀ ကျော်ကို ပြည်သူ့သစ္စာဖောက်တွေအဖြစ်သတ်မှတ် အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာပါတယ်။

NUG အစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မတ် ၃၁ ရက် ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။

ဝန်ကြီးဌာနအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးနဲ့ ပြည်သူတဦးချင်းစီရဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိရေးအတွက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဘဝဖူလုံရေး၊ ဘေးကင်းလုံခြုံရေးနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ဖိအားပေးခံရခြင်းတွေကနေ ကာကွယ်ပေးနိုင်ရေးအတွက် အလေးထား ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက် စစ်ကောင်စီဟာ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်ပတ်သက်ခြင်းမရှိတဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ၊ လုယက်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို အရှင်လတ်လတ်မီးရှို့တာတွေစတဲ့ လူမဆန်တဲ့ ပြစ်မှုတွေကို ကျူးလွန်နေချိန်မှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ တာဝန်ရှိတဲ့ အဆိုပါဝန်ကြီးဌာနကလည်း စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ ကူညီခြင်း မပြုဘဲ စစ်ကောင်စီရဲ့ ဖြတ် ၄ ဖြတ်လုပ်ငန်းစဉ်မှာ အလိုတူ အလိုပါ လုပ်ဆောင်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ စစ်ကောင်စီရဲ့ လူသားချင်းစာနာမှုကင်းမဲ့တဲ့ လုပ်ရပ်တွေမှာ ပါဝင် ပတ်သက် နေကြပြီး ဝန်ကြီးဌာန ယန္တရားလည်ပတ်ရေးမှာ အဓိကကျတဲ့ ဖော်ပြပါ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်လည်ထူထောင်ရေး ဦးစီးဌာနတွေက အရာထမ်း ၁၀၉ ယောက်ကို စစ်အာဏာသိမ်းချိန်က ခန့်အပ်ထားတဲ့ သူတို့ရဲ့ ရာ ထူးတွေအတိုင်း ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismissal)ပြီး ပြည်သူ့ သစ္စာဖောက်ဝန်ထမ်းတွေအဖြစ် အမည်ပျက်စာရင်းထုတ်ပြန် ကြေညာလိုက်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ကြေညာခဲ့ပြီး နိုင်ငံတဝန်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ စစ်တပ်က အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၂၀ ကျော်နဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၀၀၀ ကျော် ရှိခဲ့ပြီလို့ သိရပါတယ်။

Photo-MSWRR

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013