DVB Logo
Home
မြန်မာသတင်း
အန်ဂျီအို၊ အိုင်အန်ဂျီအို အသင်းအဖွဲ့များကို စစ်ကောင်စီက ပြန်လည်စိစစ်နေ
DVB
·
March 30, 2022
အန်ဂျီအို၊ အိုင်အန်ဂျီအို အသင်းအဖွဲ့များကို စစ်ကောင်စီက ပြန်လည်စိစစ်နေ
Donate to DVB

မြန်မာပြည်တွင်းမှာ ရှိတဲ့ အန်ဂျီအို ၊ အိုင်အန်ဂျီအိုစတဲ့ အသင်းအဖွဲ့တွေကို စနစ်တကျ သေချာ စိစစ်နေတယ်လို့  ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်က  နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ အခုလိုပြောဆိုချက်အပေါ် ပြည်တွင်းမှာ ရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကတော့  လူမှုကူညီရေးလုပ်ငန်းတွေမှာ မလိုလားအပ်တဲ့  ကြန့်ကြာမှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြသလို တားဆီးကန့်သတ်ချက်တွေပိုတိုးလာပြီး ပြည်သူလူထု ထိခိုက်နစ်နာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ 

ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတခုမှ ကျန်းမာရေးဝန်ထမ်းတဦးက “အိုင်အန်ဂျီအိုတွေဆိုရင် နဂိုကတည်းက သူတို့မှာ အမ်အိုယူ အရ activity တွေကို လုပ်ဆောင်ကြရတာနော်။ အဲဒါကို ပြန်လည်စိစစ်မယ်ဆိုတော့ ပြောရမယ်ဆိုရင် တကယ်လို့ပေါ့ အိုင်အန်ဂျီအိုတွေကို ဒီမှာ ဆက်နေလို့ မရအောင် တင်းကျပ်လာလို့ သူတို့က ဆက်မလုပ်တော့ဘူးဆိုရင် လိုအပ်ချက်တွေပဲ ပိုများလာမှာပေါ့။ ဒီတော့ လူထုကပဲ နစ်နာမှာပေါ့နော်။ အခု မြင်နေ၊ ကြားနေရတာတွေမှာလည်း ဆေးအထောက်အပံ့၊ ရိက္ခာအထောက်အပံ့တွေဆိုရင် သူတို့က ပေးမရောက်စေချင်တဲ့ သဘောတွေ ရှိတယ်နော်။ တချို့တရားဝင်အဖွဲ့အစည်းတွေကနေ ပေးတဲ့ အထောက်အပံ့တွေကို ကန့်သတ်တာမျိုးတွေ ရှိနေတယ်။ အခုဆိုရင် အရပ်ထဲမှာပေါ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျနော်တို့ အလုပ်တွေ လုပ်တဲ့အခါ အရင်ကလိုမျိုး မဟုတ်ဘဲနဲ့ မလိုလားအပ်တဲ့ ထောက်ခံချက်တွေ ခွင့်ပြုချက်တွေ လုပ်ခိုင်းတာ။ ပြီးတော့ ဒါတွေက သူတို့ကသာ စိစစ်တယ်လို့ပြောတာ။ အမှန်တကယ်က ကျနော်တို့ လုပ်နေတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အထောက်အပံ့တွေအပေါ် အဆင်ပြေလာအောင် စိစစ်တယ်လို့တော့ ကျနော်တို့က မထင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ မြန်မာပြည်တွင်း တိုင်းရင်းသားဒေသတွေအပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ အကူအညီလိုအပ်နေတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူလူထုတွေဆီကို လူသားချင်းစာနာမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီက နည်းမျိုးစုံနဲ့ ပိတ်ပင်တားဆီမှုတွေပြုလုပ်နေတဲ့ အတွက် အန်ဂျီအိုအဖွဲ့အစည်းတွေဟာ အကူအညီ ထိထိရောက်ရောက် ပေးအပ်နိုင်ခြင်း မရှိပါဘူး။

လူမှုအခြေပြုအရပ်ဖက်အဖွဲ့အစည်းတခုမှာ လုပ်ကိုင်နေတဲ့ စေတနာ့ဝန်ထမ်းတဦးက “နဂိုကတည်းက ဒီကာလမှာ ဘဏ်စနစ်က ပျက်သွားတယ်နော်။ အဲဒီတော့ ကျနော်တို့ ပြည်တွင်းအခြေစိုက်အရပ်ဘက်လူမှုအဖွဲ့အစည်း (NGO) တွေဆိုတာကလည်း ကျန်းမာရေးပဲဖြစ်ဖြစ်၊ လူသားချင်းစာနာမှု အထောက်အထားပဲဖြစ်ဖြစ် ဘာအထောက်အပံ့ပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင် ဘဏ်စနစ်တွေပျက်သွားတဲ့အတွက်ကြောင့် ဒီအပေါ်မှာ သက်ရောက်မှုတွေ ရှိနေတာနော်။ တခါ သူတို့က အသင်းအဖွဲ့တွေနဲ့ပတ်သက်ပြီး စိစစ်မယ်ဆိုတာက ဘယ်လောက်ထိ စိစစ်မှာလဲပေါ့။ ငွေကြေးနဲ့ပတ်သက်ပြီးတော့ သူတို့ စိစစ်တဲ့နေရာမှာ ကြုံလာနိုင်တာက ပုံမှန်ထက် ပိုပြီးတော့ အချိန်ကြာတာပေါ့ဗျာ။ လုပ်ငန်းတွေဆိုတာကလည်း ငွေကြေးရောက်လာမှ အထောက်အပံ့တွေ လုပ်လို့ရတာ။ အဲ့တော့ နဂိုကတည်းက လိုအပ်တဲ့ နေရာတွေ အချိန်မီပေးဖို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့  ဝန်ဆောင်မှုပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပေါ့ ပေးတဲ့နေရာမှာ ဒီလိုမျိုး မလိုအပ်တဲ့ စစ်ဆေးမှုတွေက ကြားခံလိုက်မယ်ဆိုရင် ရောက်သင့်တဲ့နေရာကို အချိန်မီ မရောက်နိုင်တော့ဘူးပေါ့။ ဆိုတော့ ဒီအဖွဲ့တွေကို သူတို့က ဘယ်လောက်ထိ ဖိအားပေးကြမှာလဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီဝင်တွေကတော့ ပြည်တွင်းမှာရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဖြစ်တဲ့  အန်ဂျီအို၊ အိုင်အန်ဂျီအိုနဲ့ စီအက်စ်အိုအသင်းအဖွဲ့တွေနဲ့ပတ်သက်ပြီး  စည်းကမ်းနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကိုလည်း လိုအပ်ပါက ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ရေးဆွဲရမယ်လို့  မနေ့က အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013