
ရခိုင်ပြည်နယ် ၅ မြို့နယ်ကို လေဆင်နှာမောင်းတိုက်ခတ်ခဲ့လို့ ကျေးရွာ ၁၀ ရွာက ဘုန်းတော်ကြီး ကျောင်း၊စာသင်ကျောင်းအပါအဝင် နေအိမ် ၂၀၀ နီးပါးပျက်စီးသွားတယ်လို့ သတင်း ရရှိပါတယ်။
လေဆင်နှာမောင်းတိုက်ခိုက်ခံရတဲ့ရွာတွေကတော့ ကျောက်ဖြူမြို့နယ်ရှိ ကင်းပင်လယ်နားရွာ၊ ကလန့်တဲရွာ၊ ကျောက်တောင်ပြိန်ရွာ၊ ပြုံးပြည့်ရွာ၊သံတွဲမြို့နယ်က ပိန်းတောကြီး၊ ပိန်းတောချေရွာနဲ့ လက်ပံတောရွာ၊ ဂွမြို့နယ်၊ ဇီးကုန်းရွာ၊ တောင်ကုတ်မြို့နယ်၊ မောင်းချောင်းရွာနဲ့ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာတို့ဖြစ်ကြပါတယ်။
ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်သံတွဲနဲ့ဂွမြို့နယ်ကို ဇူလိုင် ၅ ရက်က လေဆင်နှာမောင်း တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာ ၁၀ ရွာထဲက ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် လူနေအိမ် ၂၀၀ နီးပါးပျက်စီးသွားခဲ့တယ်လို့ သံတွဲဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
"၅ ရက်နေ့ တရက်ထဲမှာပဲ လေဆင်နှာမောင်းတိုက်သွားတာ။ တိုက်သွားတဲ့အချိန်တွေတော့ မတူဘူးပေါ့။ တချို့မြို့နယ်တွေက မနက်ပိုင်း၊ တချို့ကနေ့လယ်၊ တချို့က ညနေ။ စုစုပေါင်းမြို့နယ် ၅ ခုထဲက ၁၀ ရွာလောက် အထိနာသွားတာ။ အိမ်အပါအဝင် ဘုန်ကြီးကျောင်း စာသင်ကျောင်းတွေ ပျက်စီးသွားတယ်။”
ရခိုင်မှာလက်ရှိ မိုးသက်လေပြင်းတွေကျရောက်နေပြီး တချို့မြို့နယ်တွေမှာ ရေပြည့်၊ရေလျှံမှုတွေ ရှိနေတယ်လို့ ကျောက်တော်ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
"ရေကတော့ အိမ်အထိနစ်တာမဟုတ်ဘူး။ လမ်းတွေမှာ ဒူးခေါင်း ပေါင်ရင်းနားထိရောက်တယ်။ မိုးကတော့သည်းတုန်းပါ။”
ဇူလိုင် ၅ ရက်က မြို့နယ် ၅ မြို့နယ်ထဲက ကျောက်ဖြူမြို့နယ်ရှိ ကင်းပင်လယ်နားရွာ၊ ကလန့်တဲရွာ၊ ကျောက်တောင်ပြိန်ရွာနဲ့ ပြုံးပြည့်ရွာစတဲ့ ရွာ ၄ ရွာ ကို ည ၁၀ နာရီကျော်မှာ လေဆင်နှာမောင်း တိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင်နေအိမ်အပါအဝင် လူ နေအိမ် ၁၁၂ အိမ်ပျက်စီး သွားခဲ့တယ်လို့ သိရပါတယ်။
သံတွဲမြို့နယ်က ပိန်းတောကြီး၊ ပိန်းတောချေရွာနဲ့ လက်ပံတောရွာ စတဲ့ ရွာ ၃ ရွာ ကိုလည်း အဲ့ဒီနေ့ ညနေ ၆ နာရီ လောက်က လေဆင်နှာမောင်း ပြင်းထန်စွာတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် ၅၄ အိမ်ပျက်စီးသွားတယ်လို့ သိရပါတယ်။
နေ့လယ် ၁၂ နာရီ ၄၅ မိနစ် အချိန်ကလည်း ဂွမြို့နယ်၊ ဇီးကုန်းရွာကို လေဆင်နှာမောင်း တိုက်ခတ်ခဲ့ လို့ နေအိမ် ၂ အိမ် ထိခိုက် ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ တောင်ကုတ်မြို့နယ်၊ မောင်းချောင်းရွာညနေ ၇ နာရီခွဲခန့်က လေဆင်နှာမောင်း တိုက်ခတ် ခဲ့တာကြောင့် ရွာဦး ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်၊ ဓမ္မာရုံ၊ စေတီ၊ လူ နေအိမ် အိမ် ၃ အိမ်နဲ့ စာသင်ကျောင်းရှိ အိမ်သာတွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။
အဲ့ဒီနေ့မနက် ၅ နာရီလောက်က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကိုလည်း လေဆင်နှာမောင်း တိုက်ခတ်ခဲ့လို့ ကျောက်နီမော်ရွာက လူနေအိမ် ၁၀ အိမ်ပျက်စီးသွားပြီး စာသင်ကျောင်း တကျောင်းနဲ့ တာဝါတိုင်တခု ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။










